Border News Agency
ဝီရဌာနီ၊ အောက်တိုဘာ ၂၁။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့ ကို အောက်တိုဘာလ ၂၀ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအမှတ် ၁ ရပ်ကွက်၊အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်ကို အောက်တိုဘာလ ၂၀ ရက်၊ ည ၁၀ နာရီကျော် အချိန်ခန့်က စစ်တပ်မကွေးလေတပ်တက် Y12လေယာဥ်နဲ့ ဗုံးရှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ အမှတ် ၄ ရပ်ကွက်က အသက်ဆယ့်ခြောက်နှစ်အရွယ် မောင်စစ်ငြိမ်းနိုင်နဲ့ အသက်ငါးဆယ်သုံးနှစ်အရွယ် ဦးဘသာဒဏ်ရာရသွားခဲ့ကြပါတယ်။
ဝီရဌာနီမြို့နယ်၊ ဒါးကိုင်တောင်တန်း ၊ ပိန္နဲချောင်းတောင်တန်းနှင့် ငပြီကျွန်းကျေးရွာကို အောက်တိုဘာလ ၂၀ ရက်၊ ည ၉နာရီခွဲအချိန်ခန့်ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၁၁ရက်နေ့ကလည်း ဝီရဌာနီမြို့ အမှတ် ၃ ရပ်ကွက်ကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ်ကျော်သက်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားလေးဦးဒဏ်ရာရရှိခဲ့ပါတယ်။







