Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၂၉။
မြန်မာနိုင်ငံမှာ တရားမဝင်စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှစပြီး အမျိုးသမီးနှစ်ထောင့်သုံးရာကိုးဆယ်ကျော် အပါအဝင် ပြည်သူရှစ်ထောင်ခြောက်ရာကျော် အာဏာသိမ်းစစ်တပ်ရဲ့သတ်ဖြတ်တာကိုခံခဲ့ရတယ်လို့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးမှာပြောခဲ့တာပါ။
အဲဒီသေဆုံးသူတွေထဲကလေးပုံသုံးပုံခန့်မှာ အာဏာသိမ်းစစ်တပ်ကလေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အချို့ဆီမှ လက်နက်၊ ခဲယမ်းတွေရရှိနေတာကြောင့် ခုလိုရက်စက်ကြမ်းကြုတ်မှုတွေကိုပိုမို ရဲတင်းစွာလုပ်ဆောင်နေတာမို့ အာဏာသိမ်းစစ်တပ်ဆီလက်နက်နဲ့ တိုက်လေယာဉ်ဆီ ရောင်းချနေမှုတွေကိုအမြန်ဆုံး ရပ်တန့်ပေးကြဖို့လည်းတောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုကို ချိုးနှိမ်ဖို့အတွက် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ကျားမအခြေပြု အကြမ်းဖက်မှုတွေကိုစနစ်တကျ နည်းဗျူဟာ တခုအဖြစ်အသုံးပြုကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုဆက်လက်ကျူးလွန်နေပါတယ်။
အဲဒါကြောင့်အာဏာသိမ်းစစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် တာဝန်ခံမှုရှိစေရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ချုပ်ငြိမ်းရေးအတွက် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ အပေါ် အ
ခြေခံတဲ့ နောက်ထပ်ဆုံးဖြတ်ချက်တခုကို အမြန်ဆုံးထုတ်ပြန်ပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။







