Border News Agency
သရက်ချောင်း၊ နိုဝင်ဘာ ၄။
တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဆီကို အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် စစ်မှုထမ်းတဦး လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာလ ၂ ရက်နေ့က အလင်းဝင်လာပါတယ်။
စစ်တပ်ရဲ့အတင်းအဓမ္မ ဖမ်းဆီး စစ်သားစုဆောင်းတာခံခဲ့ရတဲ့ အဲဒီစစ်မှုထမ်းတပ်သားသစ်ဟာ MA-1 တလက်၊ ကျည်ဘောက် ခြောက်ခု၊လက်ပစ်ဗုံး တလုံးနဲ့ ကျည်ဆံတွေယူလာခဲ့တာဖြစ်ပါတယ်။
အဲဒီလက်နက်ခဲယမ်းတွေနဲ့အတူ KNLA တပ်မဟာ ၄၊ တပ်ရင်း ၁၂၊ တပ်ခွဲ ၁ ဆီကို သွားရောက်ပြီး ပူးပေါင်းခဲ့တာဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
အခုလိုအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရတဲ့ အာဏာသိမ်းစစ်တပ်ထဲက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရတဲ့နည်းနဲ့ လက်နက်ချအလင်းဝင်ရောက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က တိုက်တွန်းထားပါတယ်။







