Border News Agency
ဘန်ကောက်၊ နိုဝင်ဘာ ၇။
ပရဟိတလုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ ထိုင်းအလှမယ်ဟောင်းနဲ့ မင်းသမီး Boom Panadda ကို ဘတ်သန်း ကိုးရာကျော်အလှူငွေ လိမ်လည်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ စီးပွားရေးမှုခင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အသက်ငါးဆယ်အရွယ် Boom Panadda ကို လူထုကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ ဆိုင်ဘာဥပဒေ ချိုးဖောက်မှု ပြစ်မှုသုံးခုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ အလှူငွေတွေနဲ့ ဝယ်ထားတာ ရှိမရှိ စစ်ဆေးဖို့အတွက် သူမရဲ့ ဘဏ်အကောင့် ဆယ့်ခုနှစ်ခုအပြင် ဇိမ်ခံအိမ်တွေ၊ မြေကွက်တွေ၊ကား အစီးနှစ်ဆယ်ကျော်နဲ့ တန်ဖိုးကြီး Hermès၊ Chanel လက်ကိုင်အိတ်တွေကို သိမ်းဆည်းခဲ့ပါတယ်။
စစ်ဆေးချက်တွေအရ ဘဏ်အကောင့် သုံးခုထဲကို ဘတ် ကိုးရာတဆယ်ဒသမရှစ်သန်း ဝင်ရောက်ခဲ့ပြီး ဘတ် ရှစ်ရာခုနှစ်ဆယ်ခြောက်သန်းခန့် ပြန်ထုတ်ထားတာကို တွေ့ရတဲ့အတွက် သူမနဲ့ ခင်ပွန်းဖြစ်သူကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က ဆက်လက် စစ်ဆေးနေပါတယ်။
၂၀၀၀ ပြည့်နှစ် Miss Thailand အလှမယ် Boom Panadda ဟာ ပရဟိတလုပ်ငန်းတွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိပြီး အလှူငွေတွေ အများအပြား လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

















