Border News Agency
ရွာငံ၊ နိုဝင်ဘာ ၁၁။
ရှမ်းပြည်၊ရွာငံမြို့နယ်မှာ ကျပ်သိန်းခြောက်ထောင်တန်ဖိုးရှိ စိတ်ပြောင်းဆေးပြားခြောက်သိန်းကို မော်တော်ယာဉ်တစီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ရွာငံမြို့နယ်၊မြို့ကြီးကျေးရွာအနီးမှာ နိုဝင်ဘာလ ၉ ရက်နေ့က မော်တော်ယာဉ်တွေကို ရှောင်တခင် စစ်ဆေးခဲ့တာပါ။
အဲဒီ စစ်ဆေးမှုအတွင်း သန်းထိုက်အောင် မောင်းနှင်ပြီး မခင်သီတာအောင် (ခ) မီးမီး လိုက်ပါလာတဲ့ Suzuki Carry မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အသက်သုံးဆယ်ရှစ်နှစ်အရွယ်သန်းထိုက်အောင်နဲ့အသက်ငါးဆယ်လေးနှစ်အရွယ် မခင်သီတာအောင် (ခ) မီးမီးတို့နှစ်ဦးကို ရွာငံမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေနဲ့အမှုဖွင့်ထားပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကိုဥပဒေအတိုင်း အရေးယူနိုင်ရေး ဆောင်ရွက်နေတဲ့အပြင် ပါဝင်ပတ်သက်သူ ကွင်းဆက်တွေကိုလည်း ဆက်လက် ဖော်ထုတ်နေပါတယ်။








