Border News Agency
ဝေါ၊ နိုဝင်ဘာ ၁၉။
ပဲခူးတိုင်း၊ဝေါမြို့နယ်မှာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း သုံးထောင့်ခြောက်ရာ့ရှစ်ဆယ် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားနဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က နိုဝင်ဘာလ ၁၉ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ကွန်ဟိန်းမှ မြဝတီဘက်သို့ ချန်းဟူ မောင်းနှင်ပြီး မမိုင်လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီမော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း သုံးထောင့်တစ်ရာ့နှစ်ဆယ် တန်ဖိုးရှိ စိတ်ကြွဆေးပြား နှစ်သိန်းရှစ်ထောင်ပြား၊ ငွေကျပ်သိန်းငါးရာ့ခြောက်ဆယ်တန်ဖိုးရှိ ဘိန်းဖြူ တစ်ဒသမလေးကီလိုနဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင်ပူးပေါင်းပါဝင်သူ ချောက်ကွမ် နေထိုင်တဲ့ ခိုလမ်မြို့၊ နှစ်ဆယ့်ခြောက်မိုင်ကျေးရွာရှိ နေအိမ်ကနေ မော်တော်ယာဉ်နှစ်စီးနဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မိုင်းယောင်းမြို့အနီးမှာ ချောက်ကွမ်ကို မော်တော်ယာဉ်တစီး၊ လက်ကိုင်ဖုန်းတလုံးတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူ သုံးဦးကို ဝေါမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။











