Border News Agency
ဒါကာ၊ နိုဝင်ဘာ ၁၉။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Kelley Anne Eckels-Currie နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Shama Obaed Islam တို့ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့စ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့မှုအပေါ် အထူးကိုယ်စားလှယ်က ရှင်းလင်းပြောခဲ့ပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေနဲ့ ရေရှည်ဖြေရှင်းမှုအတွက် မသေချာမှုတွေကို သုံးသပ်ပြောခဲ့ပါတယ်။
အာရက္ခဒေသအတွင်း ရိုဟင်ဂျာတွေ ထပ်နေရပ်စွန့်ခွာရမှုနဲ့ အကြမ်းဖက်မှုတွေ ကြုံတွေ့နေရတဲ့ အခြေအနေအပေါ် စိုးရိမ်ကြောင်းနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ရရှိရေးနဲ့ နိုင်ငံတကာဥပဒေလိုက်နာရေးတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က အလေးထားပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ တသန်းသုံးသိန်းခန့်ကို မြန်မာနိုင်ငံရှိ မူရင်းနေရပ်တွေဆီ စောစီးစွာနဲ့ ရေရှည်တည်တံ့စွာ ပြန်ပို့ဆောင်ရေးဟာ ဖြေရှင်းနည်းဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပါဝင်တဲ့ လုပ်ငန်းစဉ်လိုအပ်တယ်လို့ ဝန်ကြီး Shama Obaed Islam ကဆိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိရေးဟာ အရေးကြီးပြီး ICJ တရားရုံးရဲ့ ဂမ်ဘီယာ-မြန်မာ အမှုစီရင်ချက်ကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ရာမှာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ပေးသွားဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က အသင့်ရှိတယ်လို့လည်းဆိုပါတယ်။








