Border News Agency
သံတွဲ၊ ဇူလိုင် ၂၁
အာရက္ခဒေသ သံတွဲမြို့နယ်ကနေ စစ်ကောင်စီနဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့သူဟာ ULA/AA အဖွဲ့ဝင် မဟုတ်ဘူးလို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ဇူလိုင်လ ၂၁ ရက် ဒီနေ့ ပြောပါတယ်။
သံတွဲမြို့သိမ်းတိုက်ပွဲကာလ ULA/AA ရဲ့ ထောက်ပို့တာဝန်ခံ ဗိုလ်ယက္ခ ဟာ အခု ဇူလိုင်လမှာ ရခိုင်ရိုးမကိုကျော်ဖြတ်ပြီး ရန်ကုန်မြို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းသွားခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ကြတာပါ။
ဦးခိုင်သုခကတော့ သူဟာ ဗိုလ်ယက္ခမဟုတ်ဘဲ အတာ ဖြစ်ပြီး ဖောက်ထွင်းခိုးယူမှုနဲ့ ဖမ်းဆီးစစ်ဆေး နေစဉ် ထွက်ပြေးသွားတဲ့ တရားခံပြေးတစ်ဦးသာဖြစ်တယ်လို့ ပြောပါတယ်။
သူဟာ သံတွဲတိုက်ပွဲကာလက တိုက်နယ်မှူးရဲ့နောက်ကနေ ထမင်းချက်၊ ရိက္ခာပြောင်းတဲ့အလုပ်တွေကို လုပ်ကိုင်ခဲ့ပြီးနောက် ဟိုတယ်ဇုန်တွေကနေ ပစ္စည်းတွေကို အုပ်စုဖွဲ့ ဖောက်ထွင်းခိုးယူမှုနဲ့ ဖမ်းဆီး စစ်ဆေးခံနေရစဉ် ထွက်ပြေးလွတ်မြောက်သွားတာလို့ဆိုပါတယ်။
အာရက္ခတပ်တော် (AA) က သံတွဲမြို့နယ်က မောင်ရွှေလေး ရေတပ်စခန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ပထမပတ်က အပြီးသတ်သိမ်းပိုက်ပြီးနောက် သံတွဲမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။






