Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊ဦးစွန်းတောင်အောက်ကျေးရွာကို နိုဝင်ဘာလ ၃ ရက်၊ဒီနေ့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောင်းထိုင်ဆရာတော်တပါး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဦးစွန်းတောင် အောက် ကျေးရွာကို ဒီနေ့ မနက် ၁ နာရီ ၅၀ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်တော်ငါးဆယ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးပညာဗလရဲ့ လက်မောင်းနဲ့ နှာခေါင်းမှာ ဒဏ်ရာတွေရသွားလို့ လက်ရှိမှာ ဆေးဝါးကုသမှုခံယူနေရပါတယ်။
အဲဒီအပြင် ဘုန်းကြီးကျောင်းဆောင်လည်း ဗုံးဒဏ်ကြောင့်ပြိုကျပျက်စီးသွားခဲ့ရပါတယ်။
အဲဒီကျောက်တော်၊မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနီ မြို့နယ် လေးခုကို နိုဝင်ဘာလ ၁ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တဦး အပါအဝင်ဆယ့်နှစ်ဦးသေဆုံးပြီး သုံးဆယ့်နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။






