Border News Agency
အမေရိကန်၊နိုဝင်ဘာ ၃။
အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာရက်လွန်နေထိုင်မှုဟာ စံချိန်တင်မြင့်မားနေတာကြောင့် ဗီဇာစိစစ်ရေးတွေကို ပိုမိုတင်းကြပ်သွားမယ်လို့ အမေရိကန်အစိုးရထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်နိုင်ငံခြားရေး မဟာဗျူဟာ (ICS) စာတမ်းပါ အချက်အလက်တွေအရ ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း B-1/B-2 ဗီဇာနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရက်လွန်နေထိုင်မှုဟာ သုံးဆယ့်ရှစ်ရာခိုင်နှုန်းထိရှိနေပြီး အမေရိကန်မှာရာခိုင်နှုန်းအမြင့်ဆုံးဖြစ်နေတာပါ။
အဲဲဒီဖြစ်စဉ်ဟာ အမေရိကန်နိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေစိုးမိုးရေးအတွက် တိုက်ရိုက်စိန်ခေါ်မှုဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အမေရိကန်သံရုံးဟာ ကောင်စစ်ဝန်ဆိုင်ရာစိစစ်ရေးတွေကို ပိုမိုတင်းကြပ်သွားမှာဖြစ်ပြီး ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) နဲ့ သတင်းအချက်အလက်မျှဝေမှုတွေကို မြှင့်တင်သွားမှာဖြစ်ပါတယ်။
အဲဒီအပြင် နယ်စပ်လုံခြုံရေးကိုကာကွယ်ဖို့နဲ့ တရားမဝင်လူဝင်မှုကိုလျှော့ချနိုင်ရေးအတွက် ဗီဇာရက်လွန်နေထိုင်သူတွေနဲ့ တရားမဝင်နေထိုင်သူတွေကို ပြန်လွှဲပြောင်းရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။







