Border News Agency
မောင်တော၊ နိုဝင်ဘာ ၃။
မြန်မာနိုင်ငံမှာစစ်ဘေးဒဏ်ကြောင့် အဓိက ထိခိုက်လွယ်တဲ့ပြည်သူ ငါးဆယ်ရာခိုင်နှုန်းလူဦးရေ သုံးသန်းခန့်ဆီသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထိရောက်စွာတိုက်ရိုက် ရောက်ရှိရေးအတွက် အမေရိကန်အစိုးရစီမံဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်နိုင်ငံခြားရေး မဟာဗျူဟာ (ICS) မူဘောင်သစ်မှာ လူသားချင်း စာနာမှု ပံ့ပိုးရေးအစီအစဉ်တွေကို မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းအဖြစ် ထည့်ရေးထားတာပါ။
အမေရိကန်ပေးအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပါဝင်ကူညီမှုတွေနဲ့ ချိတ်ဆက်ပြီး အဓိကလိုအပ်နေတဲ့ ပြည်သူတွေဆီအမှန်ရောက်အောင်ဆောင်ရွက်သွားမှယ်လို့ဆိုပါတယ်။
အဲဒီအပြင် လူသားချင်း စာနာမှု အကူအညီတွေကို ဘေးကင်းလုံခြုံစွာ ပံ့ပိုးပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးလမ်းကြောင်းတွေရရှိစေရေးနဲ့ ဒေသတွင်း အဓိကအကူအညီပေးတဲ့ နိုင်ငံအဖြစ် အမေရိကန်ရဲ့ကူညီပံ့ပိုးမှု အခန်းကဏ္ဍကိုပိုမိုမြှင့်တင်သွားမှာပါ။
အဲဒီအကူအညီရရှိတဲ့လူထုအသိုင်းအဝိုင်းတွေအနေနဲ့ သဘာဝဘေးနဲ့ ပဋိပက္ခတွေကို ကိုယ်တိုင် ရင်ဆိုင်ကျော်လွှားနိုင်မယ့် ကိုယ်စွမ်းကိုယ်စမြှင့်တင်ရေးကိုလည်း ပံ့ပိုးပေးသွားမယ်လို့ဖော်ပြထားပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံအတွင်း သံသယဖြစ်ဖွယ် ကူးစက်ရောဂါတွေကို စောစီးစွာစုံစမ်းစစ်ဆေးနိုင်တဲ့ စနစ်တွေနဲ့ အရေးပေါ် တုံ့ပြန်နိုင်စွမ်းတွေကိုလည်း မြှင့်တင်ပေးသွားမယ်လို့လည်းဆိုပါတယ်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ် မြေတွေမှာ စစ်ဘေးရှောင်တွေအပါအဝင်အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေး၊ကျန်းမာရေးအပါအဝင်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေကြပါတယ်။







