Border News Agency
မိုင်းလား၊နိုဝင်ဘာ ၃။
ရှမ်းပြည်အရှေ့ပိုင်း၊အထူးဒေသ ၄ မိုင်းလားမြို့မှာ ၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်တာတွေကို ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ်။
မိုင်းလားမြို့ကို နိုဝင်ဘာလ ၁ ရက်နေ့ကသွားရောက်ပြီး အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ကြပါတယ်။
အဲဒီမှာ အာဏာသိမ်းစစ်တပ်ကပြောတာဖြစ်ပြီး အထူးဒေသ ၄ ရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆက်မယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မိုင်းလားမှာယုံကြည်မှုတိုးမြှင့်ဖို့ဆိုပြီးပညာရေး၊ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ အာဏာသိမ်းစစ်တပ်ကမ်းလှမ်းခဲ့သလို NDAA ဥက္ကဋ္ဌဦးထိန်လင်းကလည်း ဆွေးနွေးမှုကတဆင့် နိုင်ငံရေးအဆင့်အတန်းဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဒေသနဲ့သင့်လျော်တဲ့ နိုင်ငံရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်းသတ်မှတ်ပေးရေး၊ မိုင်းလားဒေသမှာ ရွေးကောက်ပွဲကျင်းပရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ဆွေးနွေးခဲ့ကြတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်းစစ်ရေးနဲ့ နိုင်ငံရေးအရအကြပ်အတည်းဖြစ်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိရာနယ်မြေတွေမှာ ရွေးကောက်ပွဲခင်းကျင်းနိုင်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားပုံဖော်နိုင်ရေးအတွက် စည်းရုံးညှိနှိုင်းမှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။







