Border News Agency
ဘူးသီးတောင်၊ နိုဝင်ဘာ ၃။
မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းလိမ်လည်မှု ကျားဖြန့် စခန်းတွေ၊မူးယစ်ဆေးဝါး ကွန်ရက်တွေနဲ့တရားမဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နယ်စပ်ဖြတ်ကျော်ခြိမ်းခြောက်မှုတွေကိုတင်းကြပ်စွာ နှိမ်နင်းသွားမယ်လို့ အမေရိကန်အစိုးရထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပေါင်းစပ်နိုင်ငံခြားရေး မဟာဗျူဟာ (ICS) စာတမ်းမှာနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေးဟာ အမေရိကန်နိုင်ငံသားတွေနဲ့ မိခင်နိုင်ငံကို ကာကွယ်ဖို့ ပထမဆုံးမဟာဗျူဟာမြောက် ရည်မှန်းချက်အဖြစ် ထည့်ရေးထားတာပါ။
အဲဒီရာဇဝတ်စခန်းတွေနဲ့ ကွန်ရက်တွေကို ခြေဖျက်နိုင်ဖို့အတွက် အမေရိကန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်ရေးအဖွဲ့ (DEA)၊ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) နဲ့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အဲဒီအပြင် အမေရိကန် သံရုံးဟာ မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို တိုက်ဖျက်နိုင်စွမ်း မြှင့်တင်ရေးအတွက် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေရရှိအောင် ဆက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
နောက်ပြီးဗီဇာ စည်းကမ်းချက် တင်းကြပ်စိစစ်မှုတွေကို မြှင့်တင်သွားမယ့်အပြင် တရားမဝင်လူဝင်မှုကြီးကြပ်ရေး ခြိမ်းခြောက်မှုတွေကို လျှော့ချနိုင်ဖို့အတွက် မြန်မာနိုင်ငံသား တရားမဝင် ဝင်ရောက်သူတွေကို ပြန်လည်လွှဲပြောင်းရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုပါ တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အခြေစိုက်အွန်လိုင်းလိမ်လည်မှုတွေ များပြားလာနေသလို ဘိန်းအပါအဝင်မူးယစ်ဆေးဝါးထုတ်လုပ်တာတွေပိုများလာနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာလည်း မူးယစ်ဆေးဝါးရောင်းချတာတွေပိုများလာနေတယ်လို့ အာရက္ခပြည်သူတွေကဝေဖန်ပြောဆိုနေကြပါတယ်။







