Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၃။
မြန်မာနိုင်ငံမှာတိုက်ခိုက်မှုတွေရပ်ပြီး ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးအတွက် အမေရိကန်အစိုးရက ကူညီဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပေါင်းစပ်နိုင်ငံခြားရေး မဟာဗျူဟာ (ICS) စာတမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီမဟာဗျူဟာရဲ့ ရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်၊ ဇူလိုင်လ အမီ နှစ်ဖက် သဘောတူညီမှုရရှိတဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ် ပေါ်ပေါက်လာစေဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ပေးအပ်တာနဲ့ အနီးကပ်ညှိနှိုင်းဆောင်ရွက်တာတွေကို ပြုလုပ်သွားမှာပါ။
အဲဒီအပြင် အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မစတင်မီ ပြည်ထောင်စု ဖက်ဒရယ်စနစ်နဲ့ နယ်မြေပိုင်းခြားရေးဆိုင်ရာ မူဝါဒတွေ ဖော်ထုတ်နိုင်ရေးအတွက် အတိုက်အခံ အဖွဲ့အစည်းတွေကြား သဘောထားကွဲလွဲမှုတွေကို လျှော့ချပေးသွားမယ်လို့ဆိုပါတယ်။
အမေရိကန်သံရုံးဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေးအတွက် နယ်ပယ်ပေါင်းစုံမှ သက်ဆိုင်သူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ ဖိုရမ်အနည်းဆုံးသုံးခုကို ဦးဆောင်ကျင်းပပေးသွားမှာ ဖြစ်သလို ဒေသတွင်း သယံဇာတထိန်းချုပ်ရေးနဲ့ ဒုစရိုက်တိုက်ဖျက်ရေးတွေကိုလည်း ပူးတွဲဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အဲဒီ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ မဟာဗျူဟာအရ အမေရိကန်ဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် သံတမန်ရေးအရ အပြုသဘောဆောင် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။






