Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၇။
“…ကျနော့်ဘဝမှာ မှတ်မှတ်ရရ သီချင်းတပုဒ်ရှိပါတယ်။ကျနော် ပုဂံရောက်သွားတော့ ပုဂံကလူတွေက ကျနော့် ကို စိတ်ဆိုးကြပါတယ်။အဲဒီသီချင်းကိုကျနော်က ပုဂံမှာဗီဒီယိုသွားရိုက်လိုက်တော့ သူတို့အားလုံး…မြို့ဟောင်းကနေ မြို့သစ်ကို ပြောင်းခဲ့ရတယ်လို့ ကျနော့်ကို ပြောပါတယ်…။”
အဲဒီအင်တာဗျူဟာ အဆိုတော်ဇော်ဝင်းထွဋ်က သူ့ရဲ့ဂီတသက်တမ်း အနှစ် ၂၀ ပြည့် Concertပွဲမှာ ပြောခဲ့တဲ့ အရွှန်းဖောက်စကားလေးတခွန်းပါ။
“မြို့ဟောင်းကြီးခွာကာမြို့သစ်သို့ အသွား
အို… အသစ်တွေ ဘယ်မလဲ…”
အဲဒါဟာ ၁၉၈၉ ခုနှစ်ဝန်းကျင်က ရေပန်းစားခဲ့တဲ့ “အသစ်ကပြန်စ” ဆိုတဲ့ Rock သီချင်းတပုဒ်ရဲ့ စာသားတွေဖြစ်ပါတယ်။
အဲဒီသီချင်းရဲ့ Music Video ကိုလည်း ပုဂံမှာပဲ ရိုက်ကူးခဲ့တာပါ။
တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား။
၁၉၉၀ ပြည့်နှစ်ကို ရောက်လာတဲ့အခါမှာတော့ ပုဂံမြို့သူ၊မြို့သားတွေဟာ သီချင်းထဲက စာသားတွေလိုပဲ မြို့ဟောင်းကြီးကို စွန့်ခွာခဲ့ကြရပါတော့တယ်။
ဒါပေမယ့် ဒီတကြိမ်မှာတော့ သီချင်းထဲကလို အရွှန်းဖောက်စရာ မဟုတ်ခဲ့ပါဘူး။
စစ်အစိုးရရဲ့အမိန့်နဲ့ပုဂံမြို့ဟောင်းအတွင်း ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့ကြတဲ့ ဒေသခံတွေကို နေရပ်ကနေ မောင်းထုတ်ခဲ့ကြတာပါ။
သူတို့ကို အခြေခံအဆောက်အအုံနဲ့ ပြ ည့်စုံမှုမရှိသေးတဲ့ ကွင်းပြင်ကြီးတခုမှာ အကွက်ရိုက်ထားတဲ့ မြို့သစ်ဆီအတင်းအကျပ် ပြောင်းရွှေ့စေခဲ့ကြပါတယ်။
သီချင်းထဲမှာတော့ “မြို့ဟောင်းကြီးခွာကာ မြို့သစ်သို့အသွား”လို့ သီဆိုခဲ့ကြပေမယ့် လက်တွေ့ဘဝမှာတော့ အဲဒီပြောင်းရွှေ့မှုဟာ ပုဂံမြို့သားတွေအတွ က် နေအိမ်၊ ဘိုးဘွားအမွေအနှစ်နဲ့မိမိတို့ရဲ့ လူမှုဘဝအခြေခံတွေကို တပြိုင်န က်တည်း ဆုံးရှုံးခဲ့ရတဲ့ နာကျင်ဖွယ်ဖြ စ်ရပ်တခုဖြစ်ခဲ့ပါတယ်။
ဝမ်းနည်းစရာကောင်းတာက အဲဒီအဖြစ်အပျက်ဟာ သမိုင်းစာမျက်နှာပေါ်မှာသာ ကျန်ရစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်တခု မဟုတ်သေးပါဘူး။နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ ပုဂံမြို့သားတွေရဲ့ နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေဟာ ဒီနေ့ထိတိုင် မခမ်းခြောက်သေးတဲ့ ဒဏ်ရာတခုအဖြစ် ကျန်ရှိနေဆဲဖြစ်ပါတယ်။
(ဓာတ်ပုံ – မြောက်ဦးမြို့နယ်မှာULA/AA သိမ်းထားတဲ့မြေတွေကို ULA/AA ကအခွန်ကောက်ခံခဲ့မှု/BNA)
အမျိုးသားရေးအမွေအနှစ်ကို အကြောင်းပြပြီး နေရပ်စွန့်ခွာစေခဲ့ခြင်း
အဲဒီအချိန်က စစ်အစိုးရဟာ ပုဂံရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းမြှင့်တင်ရေး၊နိုင်ငံတော်ရဲ့အ မျိုးသားဂုဏ်သိက္ခာမြှင့်တင်ရေးနဲ့မျိုး ချစ်စိတ်ဓာတ်ရှင်သန်ရေးဆိုတဲ့ အကြောင်းပြချက်တွေကို ရှေ့တန်းတင်ခဲ့ပါတယ်။
ပုဂံကို နိုင်ငံတကာအဆင့်မီ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာတခုအဖြစ်ဖော်ထုတ်ရေးနဲ့ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ကြိုးပမ်းမှုတွေနဲ့လည်း ဒီမူဝါဒတွေကို ချိတ်ဆက်ခဲ့ကြပါတယ်။
အဲဒီကာလ စစ်အစိုးရရဲ့ လူမှုရေးဦးတည်ချက် လေးရပ်ထဲမှာလည်း “နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသားရေးစရိုက်လက္ခဏာ မြှင့်တင်ရေး၊ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုတဲ့ ဦးတည်ချက်တရပ် ပါဝင်ခဲ့ပါတယ်။
အဲဒါဟာ စစ်အစိုးရခေတ်တလျှောက် နိုင်ငံပိုင်သတင်းစာတွေ၊စာအုပ်စာစောင်တွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ထပ်တလဲလဲ ဖော်ပြခဲ့တဲ့ နိုင်ငံရေးဝါဒဖြန့်ချိရေးဆိုင်ရာ အဓိကဆောင်ပုဒ်တခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံတွေရဲ့ နေထိုင်ခွင့်၊မြေယာပိုင်ဆိုင်ခွင့်နဲ့ လူမှုဘဝဆိုင်ရာ အခွင့်အရေးတွေကို ဘယ်လိုမျှတအောင် ကာကွယ်ပေးမလဲဆိုတဲ့ မေးခွန်းတွေကို လုံလောက်စွာဖြေရှင်းနိုင်ခဲ့ခြင်း မရှိပါဘူး။
၁၉၉၀ ပြည့်နှစ်မှာ ပုဂံမြို့ဟောင်းအတွင်း နေထိုင်သူတွေကို မြို့သစ်ဆီ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ချိန်မှာလည်း ဒီနေ့ခေတ်လို သီးခြားယဉ်ကျေးမှုအမွေအနှစ်ဒေသတွေထိန်းသိမ်းရေးဥပဒေတရပ် မရှိသေးပါဘူး။
အဲဒီဥပဒေကို ၁၉၉၈ ခုနှစ်မှသာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ပုဂံမြို့ဟောင်းအတွင်းက ဒေသခံတွေ စွန့်ခွာခဲ့ရတဲ့ မြေနေရာတွေဟာ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် တန်ဖိုးကြီးမားတဲ့ စီးပွားရေးအရင်းအမြစ်တွေ ဖြစ်လာခဲ့ပါတယ်။
တချိန်က ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ကြတဲ့ ဒေသခံတွေအတွက် နေအိမ်နဲ့ မြေယာဖြစ်ခဲ့တဲ့ နေရာတွေမှာ နောက်ပိုင်း ဟိုတယ်ကြီးတွေ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီလုပ်ငန်းတွေထဲမှာ စစ်အာဏာပိုင်တွေနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အာဏာရှိသူတွေရဲ့ အဆက်အသွယ်နဲ့ အခွင့်အရေးရရှိခဲ့သူတွေ ပါဝင်ပတ်သက်ခဲ့ကြောင်း နိုင်ငံတကာသုတေသနအစီရင်ခံစာတွေနဲ့ သတင်းမီဒီယာတွေကလည်း ဖော်ပြခဲ့ကြပါတယ်။
ပုဂံဒေသမှာ ဟိုတယ်လုပ်ငန်းလိုင်စင်၊ မြေယာအသုံးပြုခွင့်နဲ့ ဆောက်လုပ်ခွင့်တွေကို အာဏာရှိသူတွေနဲ့ စီးပွားရေးအရ ဆက်နွှယ်သူတွေက အခွင့်ထူးခံရရှိခဲ့ကြောင်းလည်း ထောက်ပြထားကြပါတယ်။
ဒါဆိုရင် မေးခွန်းထုတ်စရာ ရှိလာပါပြီ။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ မိမိတို့ရဲ့ နေအိမ်နဲ့ မြေယာတွေကနေ ဖယ်ရှားခံခဲ့ရတဲ့ ပုဂံမြို့သားတွေ ဘာအကျိုးခံစားခွင့် ရရှိခဲ့ကြပါသလဲ။
ဒေသခံတွေဟာ မိမိတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို ဆုံးရှုံးခဲ့ရပြီး အဲဒီမြေယာတွေနဲ့ ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်းအခွင့်အလမ်းတွေကို အာဏာနဲ့ နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်တွေက အကျိုးအမြတ်အဖြစ် ပြောင်းလဲရယူနိုင်ခဲ့ကြပါတယ်။
အဲဒီဖြစ်စဉ်ကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဆိုတဲ့ အမည်ခံအောက်မှာ အကောင်အထည်ဖော်ခဲ့တဲ့ မြေယာအာဏာသိမ်းယူမှုနဲ့ အခွင့်ထူးခံစီးပွားရေးစနစ်တို့ရဲ့ ဆက်စပ်မှုအဖြစ် ဆန်းစစ်ဖို့ လိုအပ်ပါတယ်။
အမျိုးသားရေးအမွေအနှစ်ကို ကာကွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသခံတွေကို ဖယ်ရှားခဲ့ပြီး အဲဒီမြေယာတွေကနေ စီးပွားရေးအမြတ်အစွန်းကို အာဏာနဲ့ နီးစပ်သူတွေက ရယူခဲ့ကြတာဆိုရင် ဒါဟာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးသက်သက်လို့ပဲ ပြောနိုင်ပါတော့မလား။
(ဓာတ်ပုံ-မြောက်ဦးမြို့နယ်၊ပေါင်းတုတ်ကျေးရွာအနီး သိမ်းမယ့်မြေနေရာတွေ/BNA)
သတင်းနဲ့ သုတေသနရင်းမြစ်တွေမှာလည်းဖော်ပြခဲ့ပါတယ်
1. Los Angeles Times – From Ruins to Ruined (2006) — ပုဂံမြို့ဟောင်းက ဒေသ
ခံ ၃,၀၀၀ ခန့်ကို ရွှေ့ပြောင်းခဲ့ပြီး အရင်နေအိမ်နေရာတွေမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ တည်ဆောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
2. The Irrawaddy – Govt Eases Some Restrictions on Bagan Locals — ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ကြီးကြပ်မှုနဲ့ ဒေသခံ ၆,၀၀၀ ခန့် ရွှေ့ပြောင်းခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။
3. Myanmar Tourism Sector Wide Impact Assessment — ခရီးသွားလုပ်ငန်းအတွင်း အာဏာနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မြေယာနဲ့ ဟိုတယ်လုပ်
ငန်းအခွင့်အရေးတွေ ရယူနိုင်ခဲ့တဲ့ Elite Capture ပြဿနာကို ဆန်းစစ်ထားပါတယ်။
4. UNESCO – Bagan Nomination Evaluation — ဒေသခံတွေ ရွှေ့ပြောင်းခံရမှုကြောင့် ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတွေနဲ့ ဒေသခံလူမှုအသိုက်အဝန်းကြား ဆက်နွှယ်မှု ပျက်ပြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပုဂံသမိုင်းက မြောက်ဦးအတွက် သတိပေးချက်ဖြစ်နေသလား
(ဓာတ်ပုံ-မြောက်ဦးရှေးဟောင်းနယ်မြေအပါအဝင် မြေသိမ်းမယ့်အကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တရားဝင်ထုတ်ပြန်ချက်/အာရက္ခတပ်တော်)
ပုဂံမြို့ဟောင်းက ဒေသခံတွေ အတင်းအကျပ် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ သမိုင်းကို ပြန်လည်တင်ပြနေရတဲ့အကြောင်းရင်းတခုရှိပါတယ်။
အဲဒါကတော့ ဒီနေ့ အာရက္ခဒေသမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA )က အကောင်အထည်ဖော်နေတဲ့ မြောက်ဦးမြို့ပြတည်ဆောက်ရေးစီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မြောက်ဦးမြို့ဟောင်းပတ်ဝန်းကျ င်ကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေး၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ မြောက်ဦးကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး ရည်မှန်းချက်တွေနဲ့ မြို့ပြတည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်နေကြောင်း ထုတ်ပြန်ထားပါတယ်။
၂၀၂၆ ခုနှစ်၊မေလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ စီမံကိန်းအတွက် လျာ ထားတဲ့ မြေနေရာတွေကို ကွင်းဆင်းတိုင်းတာခြင်း၊မြေပိုင်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ နယ်နိမိတ်သတ်မှတ်ခြင်း၊ လိုအပ်ပါက မြေသိမ်းအမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းနဲ့ သင့်တင့်လျောက်ပတ်တဲ့ လျော်ကြေးငွေပေးအပ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း ULA/AA က ဆိုထားပါတယ်။
အဲဒီအပြင် အာရက္ခပြည်သူတွေအနေနဲ့ အမျိုးသားရေးအသိနဲ့ တိုင်းချစ်ပြည်ချစ်စိတ်
ဓာတ်တို့နဲ့ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီထုတ်ပြန်ချက်ကို ဖတ်တဲ့အခါ စစ်အစိုးရခေတ်က အသုံးပြုခဲ့တဲ့ အမျိုးသားရေးဝါဒ၊ မျိုးချစ်စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံရေးအသုံးအနှုန်းတွေနဲ့ ဆင်တူမှုတွေကို သတိပြုမိစရာ ရှိပါတယ်။
စစ်အစိုးရခေတ်က နိုင်ငံတော်ရဲ့ လူမှုရေးဦးတည်ချက်လေးရပ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသားဂုဏ်သိက္ခာ၊ အမျိုးသားရေးစရိုက်လက္ခဏာနဲ့ မျိုးချစ်စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ အယူအဆတွေကို ပြန်လည်သတိရစေပါတယ်။
ဒါပေမယ့် အမျိုးသားရေးနဲ့ မျိုးချစ်စိ တ်ဓာတ်ဆိုတာ ဒေသခံပြည်သူတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်၊နေထိုင်ခွင့်နဲ့ သ ဘောထားဆန္ဒတွေကို အစားထိုးနိုင်တဲ့ အကြောင်းပြချက်တွေ မဟုတ်ပါဘူး။
ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဟာလည်း ဒေသခံတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုနိုင်တဲ့ အာဏာတရပ် မဖြစ်သင့်ပါဘူး။
ဒီနေရာမှာ မေးခွန်းထုတ်စရာက ULA/AA ရဲ့ မြောက်ဦးမြို့ပြစီမံကိန်းဟာ စစ်အစိုးရခေတ် ပုဂံမြို့ပြောင်းရွှေ့ရေးစီမံကိန်းနဲ့ ဘယ်လောက်ထိ ကွာခြားနေသလဲဆိုတာပါပဲ။
အဲဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က ကောင်းမွန်တယ်ဆိုရုံနဲ့ လုပ်ငန်းစဉ်တခုလုံး တရားမျှတတယ်လို့ သတ်မှတ်လို့ မရပါဘူး။
(ဓာတ်ပုံ-မြောက်ဦးမှာမြေသိမ်းကြောင်း ULA/AA အသိပေးကြေငြာချက်/BNA)
မြေယာသိမ်းဆည်းမှုအတွက် ရှင်းလင်းတဲ့ဥပဒေအခြေခံရှိရဲ့လား။ မြေပိုင်ရှင်တွေရဲ့သဘောတူညီမှုကို အမှန်တကယ်ရယူထားရဲ့လား။လျော်ကြေးသတ် မှတ်မှုမှာ ပွင့်လင်းမြင်သာမှုရှိရဲ့လား။ မကျေနပ်သူတွေအနေနဲ့ လွတ်လပ်တဲ့ အယူခံမှုနဲ့ တရားမျှတမှု ရှာဖွေနိုင်မယ့် နည်းလမ်းတွေ ရှိရဲ့လားဆိုတာတွေက အဓိကကျတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
ပုဂံသမိုင်းက သင်ခန်းစာတခု ပေးထားပြီးဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းမယ်၊ နိုင်ငံတော်ဂုဏ်သိက္ခာကို မြှင့်တင်မယ်၊ နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်း ဖော်ဆောင်မယ်ဆိုတဲ့ ရည်မှန်းချက်တွေဟာ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုခဲ့မယ်ဆိုရင် အဲဒီစီမံကိန်းတွေဟာ အနာဂတ်မှာ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေနဲ့ သမိုင်းဝင်အငြင်းပွားမှုတွေကို ချန်ထားခဲ့နိုင်ပါတယ်။
အဲဒါကြောင့် မြောက်ဦးရဲ့ အနာဂတ်ကို ဆုံးဖြတ်ရာမှာ UNESCO စာရင်းဝင်ရေးဆိုတဲ့ ရည်မှန်းချက်တခုတည်းကိုသာ ကြည့်လို့မရပါဘူး။
မြောက်ဦးမြို့ဟောင်းကို ထိန်းသိမ်းရာမှာ အဲဒီမြို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို ဖန်တီးထိန်းသိမ်းလာခဲ့ကြတဲ့ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကိုပါ အ ကာအကွယ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
ပုဂံမှာဖြစ်ခဲ့တဲ့ သမိုင်းကို မြောက်ဦးမှာ ထပ်မံရေးသားမိမယ့် အခြေအနေမျိုး မဖြစ်စေဖို့ဆိုရင် အမွေအနှစ်ထိန်းသိမ်းရေးထက် လူ့အခွင့်အရေးကို နောက်တ န်းမပို့မိဖို့က ပိုပြီး အရေးကြီးပါတယ်။
မြေယာပိုင်ဆိုင်ခွင့်ကို အာမခံပြီး အကျိုးအမြတ်ခွဲဝေတဲ့ နည်းလမ်းတွေများ ရှိနေပါတယ်။
အဲဒီမြောက်ဦးမြို့ဟောင်းနဲ့ အနီးပတ်ဝန်းကျင်က မြေယာတွေဟာ အနာဂတ်မှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ခရီးသွားလုပ်ငန်းနဲ့ မြို့ ပြဖွံ့ဖြိုးရေးတို့ကြောင့် စီးပွားရေးတန်ဖိုး ပိုမိုမြင့်တက်လာနိုင်တဲ့အလားအလာရှိပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ ဒေသခံပြည်သူတွေကို မိမိတို့ရဲ့ မြေယာပိုင်ဆိုင်မှု ဆုံးရှုံးစေပြီး တကြိမ်တည်းလျော်ကြေးပေးတဲ့နည်းလမ်းကိုသာ ရွေးချယ်စရာအဖြစ် သတ်မှတ်ဖို့မသင့်ပါဘူး။
အဲဒီအစား မူလမြေပိုင်ဆိုင်ခွင့်ကို ဥပ ဒေအရ ဆက်လက်အာမခံပေးခြင်း၊စီမံ ကိန်းအတွက် လိုအပ်တဲ့မြေယာအသုံး ပြုခွင့်ကို သတ်မှတ်ကာလနဲ့ စည်းကမ်းချက်တွေအောက်မှာသာ ခွင့်ပြုခြင်း၊ မြေယာပိုင်ရှင်တွေကို ရေရှည်ရင်းနှီး မြှုပ်နှံသူ သို့မဟုတ် အကျိုးတူပူးပေါင်းဆောင်ရွက်သူတွေအဖြစ် ပါဝင်စေခြင်းတို့ကို စဉ်းစားနိုင်ပါတယ်။
အဲဒီလိုစနစ်မှာ ဒေသခံတွေဟာ မြေယာပိုင်ဆိုင်မှုကို လက်လွှတ်ဆုံးရှုံးစရာမလိုဘဲ မြေငှားရမ်းခ၊စီမံကိန်းအကျိုးအမြ တ်ခွဲဝေမှု၊ ရှယ်ယာပိုင်ဆိုင်မှုနဲ့တခြားရေရှည်အကျိုးခံစားခွင့်တွေ ရရှိနိုင်ပါတယ်။
မြေယာတန်ဖိုး မြင့်တက်လာတဲ့အခါမှာလည်း အဲဒီတန်ဖိုးမြင့်တက်မှုရဲ့ အကျိုးအမြတ်ကို မူလမြေပိုင်ရှင်တွေ ဆက်လက်ခံစားခွင့်ရှိစေမှာ ဖြစ်ပါတယ်။
အမှန်တော့ ဒီလိုပုံစံမျိုးဟာ ကမ္ဘာမှာ အသစ်အဆန်းမဟုတ်ပါဘူး။ မြေယာပိုင်ရှင်တွေနဲ့ စီမံကိန်းအကောင်အထည်ဖော်သူတွေ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ Land Pooling၊ Land Readjustment နဲ့ Community Land Trust စတဲ့ နည်းလမ်းတွေ ရှိပြီးသားဖြစ်ပါတယ်။
အဲဒီစနစ်တွေမှာ မြေယာပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးခံစားခွင့်ကို ထိန်းသိမ်းပေးရင်း အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ မြို့ပြဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ပါတယ်။
အဲဒါကြောင့် မြောက်ဦးမြို့ပြဖွံ့ဖြိုးရေးမှာလည်း မြေယာသိမ်းဆည်းခြင်းနဲ့ လျော်ကြေးပေးခြင်းကိုသာ အခြေခံတဲ့ နည်းလမ်းထက် ဒေသခံတွေရဲ့ မူလပိုင် ဆိုင်မှုကို အာမခံပြီး စီမံကိန်းအကျိုးအ မြတ်တွေမှာ ရေရှည်ပါဝင်ခွင့်ပေးတဲ့အ ကျိုးတူဖွံ့ဖြိုးရေးပုံစံကို ဦးစားပေးစဉ်း စားသင့်ပါတယ်။
မြို့တမြို့ ဖွံ့ဖြိုးတိုးတက်လာခြင်းရဲ့ အ ကျိုးကျေးဇူးကိုအဲဒီမြို့မှာ နေထိုင်ခဲ့ကြတဲ့ ပြည်သူတွေကသာ ဆုံးရှုံးခံရပြီး တခြားသူတွေက အကျိုးအမြတ်ရရှိသွားတဲ့ ပုံစံမျိုး မဖြစ်သင့်ပါဘူး။
(ဓာတ်ပုံ – မြောက်ဦးမြေသိမ်းမှုအပေါ်မြေပိုင်ရှင်တွေတရားဝင်ကန့်ကွက်စာ/BNA)
မြောက်ဦးရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာနဲ့ လူမှုဘဝလုံခြုံမှုတို့ကိုပါ မြှင့်တင်ပေးနိုင်တဲ့ ဖွံ့ဖြိုးရေးဖြစ်ဖို့ လိုအပ်ပါတယ်။
ဥပမာတခုအနေနဲ့ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်မှာ ကျင့်သုံးခဲ့တဲ့ Land Pooling (မြေယာစုပေါင်းစီမံကိန်း) နည်းလမ်းကို လေ့လာနိုင်ပါတယ်။
အဲဒီစနစ်မှာ မြို့ပြဖွံ့ဖြိုးရေးအတွက် မြေယာလိုအပ်လာတဲ့အခါ ဒေသခံမြေပိုင်ရှင်တွေရဲ့ မြေတွေကို အစိုးရက တဖက်သတ်သိမ်းယူတာမျိုးမဟုတ်ဘဲ စီ မံကိန်းတခုအဖြစ် စုပေါင်းထည့်ဝင်စေပြီး လမ်း၊ပန်းခြံနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေဖော်ဆောင်ဖို့ မြေအချို့ကို ခွဲဝေသတ်မှတ်ပါတယ်။
အဲဒီနောက် ကျန်ရှိတဲ့မြေကို အခြေခံအဆောက်အအုံတွေ ပြည့်စုံအောင် စီမံပြုပြင်ပြီး မူလမြေပိုင်ရှင်တွေထံ ပြန်လည်ခွဲဝေပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။
အဲဒီစနစ်ရဲ့ အဓိကအယူအဆက မြို့ပြဖွံ့ဖြိုးရေးကြောင့် မြေယာတန်ဖိုး မြင့်တက်လာတဲ့အခါ အဲဒီအကျိုးအမြတ်ကို အစိုးရနဲ့ ရင်းနှီးမြှုပ်နှံသူတွေသာ ခံစားရတာမျိုးမဟုတ်ဘဲ မူလမြေပိုင်ရှင်တွေနဲ့ ဒေသခံပြည်သူတွေပါ ပါဝင်ခံစားခွင့်ရရှိစေဖို့ ဖြစ်ပါတယ်။
ဥပမာ မြောက်ဦးမြို့မှာ မိသားစုတစုက မြေဆယ်ဧကပိုင်ဆိုင်ထားတယ်ဆိုပါစို့။ မြို့ပြစီမံကိန်းအတွက် လမ်း၊ ပန်းခြံနဲ့ အများပြည်သူသုံးနေရာတွေ ဖော်ဆောင်ဖို့ မြေအချို့ကို ခွဲဝေထည့်ဝင်ပြီး ကျန်မြေကို လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ ပြည့်စုံတဲ့ မြေအဖြစ်ပြန်လည်ရရှိနိုင်ပါတယ်။
အဲဒီလိုဆိုရင် ဒေသခံတွေဟာ မိမိတို့ရဲ့ မြေယာပိုင်ဆိုင်မှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကနေရရှိလာမယ့် အကျိုးအမြတ်ကို ဆက်လက်ထိန်းသိမ်းခံစားနိုင်မှာဖြစ်ပါတယ်။
မြောက်ဦးလို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနဲ့ မြို့ပြဖွံ့ ဖြိုးရေးကို တပြိုင်နက်တည်း ဆောင်ရွက်ရမယ့် ဒေသမျိုးမှာလည်း ဒီလိုနည်းလမ်းတွေကို လေ့လာစဉ်းစားနိုင်ပါတယ်။
ဒါပေမယ့် ဂူဂျာရတ်စနစ်ကို မြောက်ဦးမှာ တိုက်ရိုက်ကူးယူကျင့်သုံးနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်၊ သဘောတူညီမှု၊ လွတ်လပ်စွာ ကန့်ကွက်နိုင်မှု၊ လျော်ကြေးနဲ့အကျိုးအမြတ်ခွဲဝေမှုတို့ကို ဥပဒေအရ အာမခံထားနိုင်မယ့် နည်းလမ်းတခုအဖြစ် လေ့လာသင့်တယ်လို့ ဆိုလိုတာပါ။
အဓိကအားဖြင့် မြို့ပြဖွံ့ဖြိုးရေးနဲ့ UNESCO အသိအမှတ်ပြုခံရရေးဆိုတဲ့ ရည်မှန်းချက်တွေကိုအကောင်အထည် ဖော်ရာမှာ ဒေသခံပြည်သူတွေကို ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ အတားအဆီးအဖြစ်မမြင်ဘဲ အကျိုးခံစားခွင့်ရှိတဲ့ မိတ်ဖက်တွေအဖြစ် သတ်မှတ်နိုင်ဖို့ ဖြစ်ပါတယ်။
ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းဖို့ ဒေသခံတွေရဲ့ ဘဝနဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ခိုင်းရမယ်ဆိုတဲ့ အယူအဆဟာ တခုတည်းသော ရွေးချယ်စရာ မဟုတ်ပါဘူး။
လမ်းဖောက်လုပ်ရေးနဲ့အတူ ဒေသခံတွေရဲ့ စီးပွားရေးအခွင့်အလမ်းကိုပါ အာမခံပေးဖို့ လိုအပ်တယ်။
လမ်းချဲ့ထွင်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးကို အကြောင်းပြုပြီး ဒေသခံတွေရဲ့ မြေယာတွေကို သိမ်းယူနေတဲ့ကိစ္စမှာ မေး ခွန်းထုတ်စရာအချက်တခု ရှိနေပါတယ်။
လမ်းမကြီးတွေ ဖောက်လုပ်ပြီး မြောက်ဦးဒေသဖွံ့ဖြိုးလာတဲ့အခါ အဲဒီလမ်းမကြီးဘေးမှာ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ချင်ကြမယ့် မူလမြေပိုင်ရှင်တွေရဲ့ အခွင့်အရေးကို ဘယ်လိုအာမခံပေးမလဲဆိုတဲ့ မေးခွန်းပါ။
လမ်းမကြီးတခု ဖောက်လုပ်ပြီးစီးလာတဲ့အခါ အဲဒီလမ်းတလျှောက်မှာ ဟိုတယ်၊ စားသောက်ဆိုင်၊ ဆိုင်ခန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနဲ့တခြားစီးပွားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
အဲဒီလိုဖွံ့ဖြိုးတိုးတက်မှုကြောင့် မြေယာတန်ဖိုးတွေ မြင့်တက်လာနိုင်သလို စီးပွားရေးအခွင့်အလမ်းတွေလည်း ပိုမိုများပြားလာနိုင်ပါတယ်။
ဒါပေမယ့် အဲဒီမြေယာတွေကို မူလပိုင်ဆိုင်ခဲ့သူတွေက လမ်းဖောက်လုပ်ရေးအတွက် မြေသိမ်းခံလိုက်ရပြီး နောက်ပိုင်းမှာ အဲဒီလမ်းမကြီးဘေးက စီးပွားရေးအခွင့်အလမ်းတွေကို ပြင်ပရင်းနှီးမြှုပ်နှံသူတွေကသာ ရရှိသွားမယ်ဆိုရင် ဖွံ့ဖြိုးရေးရဲ့ အကျိုးအမြတ်ကို ဘယ်သူတွေက အမှန်တကယ်ခံစားရမှာလဲ။
တကယ်တော့ ဒီပြဿနာကို ဖြေရှင်းဖို့ မြေသိမ်းယူခြင်းနဲ့ တကြိမ်တည်း လျော်ကြေးပေးခြင်းဆိုတဲ့ နည်းလမ်းတခုတည်းကိုသာ စဉ်းစားစရာမလိုပါဘူး။
မူလမြေပိုင်ရှင်တွေရဲ့ မြေယာပိုင်ဆိုင်ခွင့်ကို ဥပဒေအရ အာမခံပေးပြီး လမ်းမကြီးတလျှောက် စီးပွားရေးလုပ်ငန်းတွေ ထူထောင်နိုင်မယ့် အခွင့်အရေးကိုလည်း စီမံကိန်းထဲမှာ ကြိုတင်ထည့်သွင်းပေးနိုင်ပါတယ်။
လမ်းဖောက်လုပ်ဖို့ လိုအပ်တဲ့ မြေယာအပိုင်းကိုသာ သဘောတူညှိနှိုင်းမှု၊ မျှတတဲ့ လျော်ကြေးနဲ့ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီး ကျန်ရှိတဲ့မြေယာတွေကို ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်ထိန်းသိမ်းပေးနိုင်ပါတယ်။
လမ်းမနဲ့ ကပ်လျက်ရှိတဲ့ မြေကွက်တွေမှာလည်း သတ်မှတ်ထားတဲ့ မြေအသုံးချမှုစည်းမျဉ်းတွေနဲ့အညီ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ခွင့်ရရှိအောင် အာမခံပေးနိုင်ပါတယ်။
နိုင်ငံတကာမှာလည်း ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့ Land Readjustment (မြေယာပြန်လည်ဖွဲ့စည်းစီမံခြင်း) နည်းလမ်းကို အသုံးပြုနေကြပါတယ်။
ဥပမာ ထိုင်းနိုင်ငံမှာ ၂၀၀၄ ခုနှစ်ကတည်းက Land Readjustment Act ကို ပြဋ္ဌာန်းခဲ့ပြီး မြေပိုင်ရှင်တွေနဲ့ အစိုးရတို့ ပူးပေါင်းကာ မြေယာတွေကို စီမံပြုပြင်ခြင်း၊ လမ်းနဲ့ အခြေခံအဆောက်အအုံတွေ ဖော်ဆောင်ခြင်း၊ ဖွံ့ဖြိုးလာတဲ့မြေယာတန်ဖိုးနဲ့ အကျိုးအမြတ်တွေကို မျှတစွာ ခွဲဝေခြင်းတို့အတွက် ဥပဒေဘောင်တခုဖန်တီးထားပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားတို့မှာလည်း မြေယာပြန်လည်ဖွဲ့စည်းရေးစနစ်တွေကို မြို့ပြဖွံ့ဖြိုးရေးအတွက် အသုံးပြုကြပါတယ်။
(ဓာတ်ပုံ - မြောက်ဦးကိုယူနက်စကိုတင်သွင်းရေးအတွက်လမ်းဘေးဝဲယာဖျက်ခိုင်းစာ/BNA)
အဲဒါကြောင့် မြောက်ဦးမှာ လမ်းချဲ့ထွင်ရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးကို ဆောင်ရွက်မယ်ဆိုရင်လည်း မြေယာသိမ်းယူရေးအမိန့်တွေ ထုတ်ပြန်တာ၊ လျော်ကြေးပေးမယ်လို့ ကြေညာတာလောက်နဲ့ မလုံလောက်ပါဘူး။
မူလမြေပိုင်ရှင်တွေရဲ့ ပိုင်ဆိုင်မှုကို ဘယ်လိုကာကွယ်မလဲ၊ လမ်းမကြီးဘေးမှာ စီးပွားရေးလုပ်ငန်း ထူထောင်ခွင့်ကို ဘယ်လိုအာမခံမလဲ၊ ဖွံ့ဖြိုးရေးကြောင့် မြေတန်ဖိုးမြင့်တက်လာတဲ့ အကျိုးအမြတ်ကို ဒေသခံတွေ ဘယ်လိုမျှဝေခံစားနိုင်မလဲဆိုတာတွေကို ဥပဒေနဲ့ မူဝါဒတွေထဲမှာ ထည့်သွင်းပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ မြေယာသိမ်းယူရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်နေတဲ့အပြင် ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့်နဲ့ ဖွံ့ဖြိုးရေးအကျိုးအမြတ် ခွဲဝေခံစားခွင့်တွေကို ပိုမိုခိုင်မာစေမယ့် ဥပဒေပြုပြင်ပြောင်းလဲမှုတွေကို အများပြည်သူသိရှိနိုင်တဲ့ ပုံစံနဲ့ တွေ့မြင်ရခြင်း မရှိသေးပါဘူး။
ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ အမိန့်နဲ့ အာဏာကို အသုံး ပြုနိုင်သလို ဒေသခံတွေရဲ့ အခွင့်အ ရေးကို ကာကွယ်ပေးဖို့လည်း ဥပဒေနဲ့ အဖွဲ့အစည်းဆိုင်ရာ အာမခံချက်တွေ ရှိဖို့ လိုအပ်ပါတယ်။
အမှန်တကယ် ဖွံ့ဖြိုးတိုးတက်တဲ့ မြို့တမြို့ဆိုတာ လမ်းမကြီးတွေ ကျယ်လာတာ၊အဆောက်အအုံတွေ များလာတာနဲ့တင် မပြည့်စုံပါဘူး။
အဲဒီဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ မူလဒေသခံတွေဟာလည်း သူတို့ရဲ့ မြေယာ၊ပိုင်ဆိုင်မှုနဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်ပြီး ဖွံ့ဖြိုးရေးရဲ့ အကျိုးအမြတ်ကို မျှတစွာ ခံစားနိုင်ဖို့ လိုအပ်ပါတယ်။















