Border News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၇။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ရှိ ရှေ့တန်းနယ်မြေတချို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုနဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် တင်းမာမှုအချို့ ဖြစ်ပေါ်နေတယ်လို့ Army Military Force က ထုတ်ပြန်ပါတယ်။ အဲဒီကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဆူးကြိုးခြံစည်းရိုးအနီးကို ဝင်ရောက်လာတာကြောင့် အဲဒီနေရာမှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး နှစ်ဖက်အချေအတင် စကားများမှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ထိတွေ့မှုဖြစ်ပြီးနောက်မှာ ကမ္ဘောဒီးယားရှေ့တန်းတပ်ဖွဲ့ဝင်တွေက နယ်စပ်အနီးမှာဘန်ကာဆောက်ဖို့ မြေကျင်းတွေအပြင်းအထန်တူးဖော်နေပြီး စစ်ရေးအရပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ နယ်စပ်တလျှောက် စစ်ရေးပြင်ဆင်မှုတွေရှိနေပေမယ့် လက်နက်ကိုင်ပဋိပက္ခနဲ့ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နှစ်ဖက်တာဝန်ရှိသူတွေအနေနဲ့ အခြေအနေပိုမိုဆိုးရွားမသွားအောင် အတတ်နိုင်ဆုံးထိန်းသိမ်းနေကြပြီး နယ်စပ်ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးဖြေရှင်းနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။
Read moreBorder News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။ မြန်မာနိုင်ငံရှိ တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံကို တပတ်အတွင်းထွက်ခွာဖို့ ဖိအားပေးနှင်ထုတ်ခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တိုင်ကြားမှုကို တီမောတရားရုံးက လက်ခံအမှုဖွင့်ခဲ့ပြီးနောက်မှာ စစ်ကော်မရှင်တပ်က အခုလိုတီမောသံတမန်ကို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို စစ်ကော်မရှင်တပ်ရဲ့ခုလိုလုပ်ရပ်ဟာ နိုင်ငံတကာသံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း (Vienna Convention) ကို ချိုးဖောက်တာဖြစ်ပြီး သံတမန်ရေးအရ ခြိမ်းခြောက်အကျပ်ကိုင်မှုသာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ တီမောနိုင်ငံကို သီးသန့်ရွေးချယ်အရေးယူတာဟာ နိုင်ငံတကာစံနှုန်းတွေကို မလေးစားတာဖြစ်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးတဲ့တီမောနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ကျေးဇူးတင်တယ်လို့လည်း NUG ကဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကူညီမှုတွေတိုးမြှင့်ပေးဖို့ကိုလည်း NUG က တိုက်တွန်းထားပါတယ်။
Read moreBorder News Agency နယူးဇီလန်၊ ဖေဖော်ဝါရီ ၁၇။ နယူးဇီလန်နိုင်ငံ၊ မြောက်ကျွန်းစုမှာ ဖေဖော်ဝါရီလ ၁၄ ရက်ကတည်းကတိုက်ခတ်နေတဲ့ ပြင်းထန်တဲ့မုန်တိုင်းကြောင့် မြို့တော်ဝယ်လင်တန်အပါအဝင် ဒေသအများအပြားမှာ အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာ Manawatū - Whanganui ဒေသတခုလုံးအပြင် Waikato ဒေသအတွင်းရှိ Waipā နဲ့ Ōtorohanga မြို့နယ်တွေကို အရေးပေါ်အခြေအနေသတ်မှတ်ထားရတာ ဖြစ်ပါတယ်။ Tararua၊ Manawatū နဲ့ Masterton မြို့တွေမှာလည်း ရေကြီးမှုနဲ့သစ်ပင်ပြိုလဲတဲ့အန္တရာယ်တွေကြောင့် ပြည်သူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရတယ်လို့ ဆိုပါတယ်။ အဲဒီ မုန်တိုင်းဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်နေပြီး ဝယ်လင်တန်၊ Palmerston North နဲ့ Napier လေဆိပ်တွေမှာ လေကြောင်းခရီးစဉ် ၁၀၀ နီးပါး ဖျက်သိမ်းထားရသလို ကူးတို့သင်္ဘောနဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်နားထားရတာ ဖြစ်ပါတယ်။ အဲဒီအပြင် ဘေးကင်းလုံခြုံရေးအတွက် ဝယ်လင်တန်အထက်တန်းကျောင်းနဲ့ Rongotai ကောလိပ်အပါအဝင် စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ အဲဒီ Powerco လျှပ်စစ်ဌာနရဲ့ထုတ်ပြန်ချက်အရ တနိုင်ငံလုံးရှိအိမ်ခြေ ၃၃,၀၀၀ ခန့်မှာ လျှပ်စစ်မီးပြတ်တောက်နေပြီး Plimmerton မြို့ရှိ စားသောက်ဆိုင်နဲ့ အဆောက်အအုံတချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အဲဒီမုန်တိုင်းဟာ တောင်ကျွန်း (South Island) ဘက်သို့ ဆက်လက်ရွေ့လျားမှာဖြစ်လို့ အာဏာပိုင်တွေက ပြည်သူတွေကိုနေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့သတိပေးထားပါတယ်။
Read moreBorder News Agency ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၇။ ကမ္ဘောဒီးယားနိုင်ငံ၊ မာလိုင်မြို့မှာရှိတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေရဲ့ ကျားဖြန့် (Scam) စခန်းတခုအတွင်း အမေရိကန်ဒေါ်လာ ၁၀၀ တန်အတုတွေ ရိုက်နှိပ်ထုတ်လုပ်နေတဲ့ ဗီဒီယိုမှတ်တမ်းတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထွက်ပေါ်လာတယ်လို့ သိရပါတယ်။ အဲဒီ ဒေါ်လာတုစက်ရုံဟာ ပွိုင်ပက်မြို့ကနေ ၅၀ ကီလိုမီတာအကွာ ထိုင်းနယ်စပ်နဲ့ ၅ ကီလိုမီတာသာဝေးတဲ့ မာလိုင်မြို့နယ်အတွင်းမှာတည်ရှိပြီး ကမ္ဘောဒီးယားအလုပ်သမားတွေကို အသုံးပြုကာဒေါ်လာအတုတွေကို စနစ်တကျထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်လို့ အမေရိကန် FBI၊ CIA၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ သံရုံးတွေအပြင် Reuters၊ CNN နဲ့ Fox News စတဲ့ နိုင်ငံတကာသတင်းဌာနတွေထံသို့လည်း တိုက်ရိုက်သတင်းပေး တိုင်ကြားထားပြီးပြီလို့ ဆိုပါတယ်။ အခုပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်ဟာ AI နဲ့ ဖန်တီးထားတာမဟုတ်ဘဲ အလုပ်သမားတွေရဲ့ ရုပ်သံမှတ်တမ်းတွေ ပါဝင်နေတာကြောင့် အတွင်းသတင်းရင်းမြစ်ကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ယူဆရပါတယ်။ လက်ရှိမှာတော့ ငွေကြေးအတု ဖြန့်ဖြူးမှုအန္တရာယ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာနဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက အဆိုပါစခန်းရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ရှေ့တန်းနယ်စပ်မှာ ကမ္ဘောဒီးယားစစ်တပ်က တောမီးရှို့နေတာဟာ သာမန်တောမီးမဟုတ်ဘဲ ထိုင်းစစ်တပ်ရဲ့အမြင်အာရုံကို ပိတ်ဆို့ဖို့လုပ်ဆောင်နေတဲ့ စစ်ဗျူဟာမြောက်လုပ်ရပ်ဖြစ်တယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ကမ္ဘောဒီးယားစစ်တပ်ဟာ သူတို့ရဲ့စစ်လက်နက်နဲ့ အင်အားရွှေ့ပြောင်းမှုတွေကို ထိုင်းဘက်ကမမြင်ရစေဖို့အတွက် မီးခိုးမြူတွေကို အကာအကွယ်အဖြစ် အသုံးချနေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီတောမီးရှို့မှုဟာမြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့မဟုတ်ဘဲ ကမ္ဘောဒီးယားစစ်တပ်က သူတို့ကိုယ်တိုင်ထောင်ထားတဲ့ မိုင်းကွင်းမြေပုံတွေရှိပြီးသားဖြစ်ပြီး အဲဒီမိုင်းကွင်းမြေပုံတချို့ကိုလည်း ထိုင်းဘက်ကသက်သေအဖြစ် သိမ်းဆည်းရမိခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယားဘက်ကမိုင်းတွေကို နယ်စပ်တောဧရိယာအတွင်း စည်းကမ်းမဲ့ထောင်ထားတာမျိုးမဟုတ်ဘဲ ထိုင်းတပ်ဖွဲ့ဝင်တွေ ကင်းလှည့်တဲ့လမ်းကြောင်းတွေနဲ့ သူတို့စခန်းပတ်လည်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ထောင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကမ္ဘောဒီးယားဘက်ကထိုင်းနယ်စပ်မြို့တွေကို ကျူးကျော်သိမ်းပိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပေမယ့် လက်ရှိစစ်အင်အားအရ မဖြစ်နိုင်ဘူးလို့ Army Military Force က အတည်ပြုပါတယ်။ ထိုင်းတော်ဝင်တပ်မတော်အနေနဲ့ နယ်စပ်တလျှောက် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး စစ်ရေးအရ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၁၆။ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်တလျှောက် စစ်ရေးတင်းမာမှုမြင့်တက်လာနေတာကြောင့် နယ်စပ်ရှိကမ္ဘောဒီးယားရွာသားတွေကို ဘေးလွတ်ရာသို့ ဒုတိယအကြိမ်မြောက် အရေးပေါ်ရွှေ့ပြောင်းဖို့ ကမ္ဘောဒီးယားစစ်တပ်က အမိန့်ပေးထားတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၆ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီနယ်စပ်ရှိ ကျေးရွာသားတွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်ကစပြီး သူတို့ရဲ့အဖိုးတန်ပစ္စည်းတွေကို ကား၊ ဆိုင်ကယ်တွေနဲ့ တင်ဆောင်ကာဘေးကင်းရာသို့ စတင်ရွှေ့ပြောင်းနေကြတာ ဖြစ်ပါတယ်။ အခုလို ရွာသားတွေကိုရွှေ့ပြောင်းခိုင်းတာဟာ ကမ္ဘောဒီးယားစစ်တပ်ဘက်က ရှေ့တန်းမှာတောမီးရှို့ကာ မီးခိုးမြူအကာအကွယ်ယူပြီး စစ်အင်အားနဲ့လက်နက်ဖြည့်တင်းတာ၊ မြေမြှုပ်မိုင်းသစ်တွေချထားတာတွေ လုပ်ဆောင်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ စစ်ရေးလေ့လာသူတွေကတော့ ဒီလုပ်ရပ်ဟာတိုက်ပွဲဖြစ်လာရင် အရပ်သားထိခိုက်မှုကိုလျှော့ချဖို့ ဒါမှမဟုတ် စစ်ရေးလှုပ်ရှားမှုတွေကို လျှို့ဝှက်လုပ်ဆောင်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းတာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ထိုင်းတော်ဝင်တပ်မတော်ဘက်ကတော့ နယ်စပ်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး ဒေသခံပြည်သူတွေအနေနဲ့ ကောလာဟလတွေကိုမယုံကြည်ဖို့နဲ့ စိုးရိမ်စရာမရှိဘူးလို့ Army Military Force က ဆိုထားပါတယ်။ လက်ရှိမှာ ထိုင်းရှေ့တန်းကင်းစခန်းတွေကနေ နယ်စပ်ဖြတ်ကျော်သွားလာမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ၂၄ နာရီပတ်လုံး အထူးသတိထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
Read moreထိုင်းနိုင်ငံ၊ နည်းပညာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ (TCSD) နဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းကာ ကောလ်စင်တာဂိုဏ်းထံက ငွေတွေကို ဘဏ်အကောင့်တု (မူးအကောင့်)ကတဆင့် လိုက်လံထုတ်ယူပေးနေတဲ့ နိုင်ငံခြားသား ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီနိုင်ငံခြားသားတွေကို စမွတ်ပရာကန်ခရိုင်အတွင်းရှိ ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ CIB ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီ ဖမ်းဆီးရမိသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံသား ၃ ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဆိုဖွန်၊ အသက် ၂၃ နှစ်အရွယ် မောင်ဘန်နာရစ်၊ အသက် ၃၇ နှစ်အရွယ် မဆိုရန် နဲ့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် မောင်တက် တို့ ဖြစ်ကြပါတယ်။ သူတို့ကို ပြည်သူတွေကို လိမ်လည်မှု၊ ကွန်ပျူတာစနစ်အတွင်း သတင်းအမှားထည့်သွင်းမှုနဲ့ ငွေကြေးခဝါချမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ဒီအမှုဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖုန်းရောင်းတယ်ဆိုပြီး ငွေလွှဲယူပြီး ပစ္စည်းမပို့တဲ့ လိမ်လည်မှုကနေ စတင်ခဲ့တာပါ။ အဲဒီနောက် ရဲတပ်ဖွဲ့အယောင်ဆောင်ထားတဲ့ ဂိုဏ်းဝင်တွေက နစ်နာသူတွေကို ဆက်သွယ်ကာ ဆုံးရှုံးသွားတဲ့ ငွေပြန်ရအောင် ကူညီမယ်ဆိုပြီး ရှယ်ယာရင်းနှီးမြှုပ်နှံခိုင်းကာ ထပ်မံလိမ်လည်ခဲ့ပါတယ်။ အဲဒါကြောင့် နစ်နာသူစုစုပေါင်း ဘတ် ၈ သိန်းကျော် (မြန်မာငွေ သိန်း ၈၀၀ နီးပါး) ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် အဲဒီ တရားခံတွေကို ဖမ်းဆီးချိန်မှာ ငွေသား ဘတ် ၃ သိန်းကျော်၊ စုစုပေါင်းပစ္စည်းတန်ဖိုး ဘတ် ၅ သိန်းကျော်ဖိုးနဲ့အတူ လက်ကိုင်ဖုန်းတွေ၊ ATM ကတ်တွေ၊ ဘဏ်စာအုပ်တွေနဲ့အတူ ပြစ်မှုကျူးလွန်စဉ်က ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတရားခံတွေရဲ့ ထွက်ဆိုချက်အရ မဆိုဖွန်ဟာ ဘဏ်အကောင့်တုပိုင်ရှင်ဖြစ်ပြီး တခါ ငွေထုတ်ပေးရင် ကော်မရှင်ခ ၂၀ ရာခိုင်နှုန်း ရရှိတယ်လို့ ဆိုပါတယ်။ ဒါအပြင် မောင်ဘန်နာရစ်က ဂိုဏ်းခေါင်းဆောင်နဲ့ ငွေထုတ်အဖွဲ့ကို ပေါင်းစပ်ပေးသူဖြစ်ပြီး ငွေတွေကို နယ်စပ်သို့ ပို့ဆောင်ပေးရသူဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအမျိုးသားဖြစ်တဲ့ မောင်တက်ကတော့ ဘဏ်အကောင့်တုပိုင်ရှင်ဆီကို ငွေထုတ်ပေးသူဖြစ်ကာ တကြိမ်ကို အခကြေးငွေ ဘတ် ၅၀၀ ရရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူတို့အားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းဆီ ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။
Read moreဖိလစ်ပိုင်တောင်ပိုင်း၊ ဘာစီလန်ကမ်းလွန်ပင်လယ်ပြင်မှာ ခရီးသည် ၃၅၀ ကျော် လိုက်ပါလာတဲ့ ကူးတို့သင်္ဘောတစီး နစ်မြုပ်ခဲ့ရာမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိသေဆုံးသူ ၅၇ ဦးအထိ ရှိလာပြီလို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ထုတ်ပြန်ပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ရေငုပ်သမားတွေက ရေအောက်ထဲကနေ ရုပ်အလောင်း ၃ လောင်းကို မနေ့ကထပ်မံဆယ်ယူရရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး ခရီးသည်နဲ့ သင်္ဘောအမှုထမ်း ၃၅၀ ကျော်နဲ့အတူနစ်မြုပ်သွားခဲ့တာဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းတွေကို သီတင်းပတ် နှစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဆောင်ရွက်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဌာနပေါင်းစုံက စာရင်းတွေကို ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီးနောက် နောက်ဆုံးအတည်ပြုချက်အရ အသက်ရှင်လွတ်မြောက်သူ ၂၉၃ ဦးရှိပြီး ၂၂ ဦးကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရေအောက်ရေစီးကြောင်း သန်နေတာကြောင့် သင်္ဘောရဲ့ အချို့အခန်းတွေထဲအထိ ဝင်ရောက်ရှာဖွေဖို့ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပျောက်ဆုံးနေသူတွေကို ပြန်တွေ့နိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့က ရေငုပ်ရှာဖွေမှုတွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လုပ်နေကြတယ်လို့ သိရပါတယ်။
Read moreပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာရေလုပ်သား ၅ ဦး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။ အဲဒီရေလုပ်သား ၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းနေရင်း မုန်တိုင်းမိပြီး အိန္ဒိယနိုင်ငံဘက်ကို ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် အိန္ဒိယနိုင်ငံ၊ Trichy မြို့က အထူးစခန်း (Special Camp) မှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို နေရပ်ပြန်ပို့နိုင်ဖို့အတွက် သက်ဆိုင်ရာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊မနက်ပိုင်းမှာ ချန်နိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေတဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားတွေဟာ Trichy မြို့နဲ့ ချန်နိုင်းမြို့တွေမှာရှိတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ရေးရုံးတွေနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
Read moreထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်အတွင်းမှာ တရက်အတွင်း စိတ်ကြွဆေးပြား ၃ သန်းခွဲခန့်သိမ်းဆည်းရမိခဲ့သလို အပြန်အလှန်ပစ်ခတ်မှုကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဖာမိန်းစစ်ဆင်ရေးတပ်ဖွဲ့ (Pha Muang Force) က ဖေဖော်ဝါရီလ ၁၅ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ချင်းမိုင်ခရိုင်၊ မယ်အိုင်း (Mae Ai) မြို့နယ်၊ သာမကန်းရွာအနီး နယ်စပ်တောထဲမှာဝှက်ထားတဲ့ ကောက်ရိုးအိတ် ၁၉ အိတ်ကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကဖေဖော်ဝါရီလ ၁၅ ရက်၊ညနေပိုင်းရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီအိတ်တွေထဲကနေ စိတ်ကြွဆေးပြား စုစုပေါင်း ၂ သန်းခွဲကို သိမ်းဆည်းရမိခဲ့ပေမယ့် တရားခံတွေကိုတော့ ရှာမတွေ့သေးဘူးလို့ဆိုပါတယ်။ အဲဒီလို ဖမ်းဆီးရမိမှုမတိုင်ခင် နာရီပိုင်းအလိုမှာပဲ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ စန်ဂျုရွာအနီး နယ်စပ်မှာ မူးယစ်ဆေးသယ်ဆောင်လာသူတွေနဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲကြောင့် မူးယစ်အဖွဲ့ဝင် ၅ ဦး သေဆုံးသွားခဲ့ပြီး စိတ်ကြွဆေးပြား ၁ သန်းကျော် ၁၄ အိတ် ကို သိမ်းဆည်းရမိခဲ့တာပါ။ ဖာမိန်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ ၁ ရက်ကနေ ဒီနေ့အထိ ၄ လကျော်အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၈ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။ အဲဒီဖမ်းဆီးမှုတွေအတွင်း တရားခံ ၂၃၉ ဦးကို ဖမ်းမိခဲ့သလို သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြားပေါင်း ၁၂၅ သန်းကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် ၄ လကျော်အတွင်း နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှု ၃၂ ကြိမ် ရှိခဲ့ပြီး မူးယစ်အဖွဲ့ဝင် ၁၆ ဦး သေဆုံးသွားခဲ့ပြီလို့လည်း သိရပါတယ်။ အဲဒီ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘန်ကောက်မြို့ကို ရောက်သွားမယ်ဆိုရင် ကာလတန်ဖိုး ဘတ်သန်းပေါင်း ၂၄,၄၀၇ သန်းခန့် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ နယ်စပ်တလျှောက် မူးယစ်ဆေးဝါး ဝင်ရောက်မှုတွေ အလွန်များပြားနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read moreHey! Don't Copy my content.