Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၁၉။
အပြည်ပြည်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနေ့ (International Day of Intangible Cultural Heritage)ကို အောက်တိုဘာလ ၁၇ ရက်နေ့က၊ ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်မှာ ကျင်းပခဲ့ပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပူးပေါင်းကျင်းပခဲ့ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု)ဒေါ်နုမြဇံ တက်ရောက်ခဲ့ပါတယ်။
မြန်မာတွေရဲ့ ဒြပ်ရှိနဲ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တွေဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းမြှင့်တင်ရေးတွေမှာ ပုဂ္ဂိုလ်အဆင့်ကစလို့ တိုင်းဒေသကြီးအဆင့်ထိ ပူးပေါင်းကြဖို့လိုတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာ့အတာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုရဲ့ လူသားမျိုးနွယ်ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့တာဟာ အများပြည်သူရဲ့ ပူးပေါင်းအားကြောင်းလို့ ဆိုပါတယ်။
မြန်မာဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ရဲ့ အဓိပ္ပာယ်နဲ့လက်ဆင့်ကမ်းနည်းလမ်းတွေ၊ မြန်မာ့လက်ဖက်သမိုင်းနဲ့ ထိန်းသိမ်းနည်းလမ်းတွေ၊ မြန်မာ့ကြိုးကြီးချိတ်ရဲ့ ယဉ်ကျေးမှုအရေးပါမှုနဲ့ လူ့ဘောင်အကျိုးသက်ရောက်မှုစတဲ့ သုံးမျိုးအပေါ် သက်ဆိုင်ရာပညာရှင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းပြီး လူငယ်မျိုးဆက်သစ်တွေဆီသို့ ဆက်လက်ပေးအပ်တဲ့ လှုပ်ရှားမှုအဖြစ်အရေးပါတယ်လို့ ဆိုကြပါတယ်။






