Border News Agency
နမ့်ဆန်၊ အောက်တိုဘာ ၁၉။
ကွမ်ဟယ်ကျေးရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ဆယ်နှစ်အရွယ်ကလေးအပါအဝင် အမျိုးသမီးငါးဦး၊ အမျိုးသားတဦးသေဆုံးသွားခဲ့ပြီး လေးဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အောက်တိုဘာ လ ၁၈ ရက်၊ မနေ့ ညနေ ၈နာရီ ၂၅ မိနစ်အချိန်ကပေါင် ၂၅၀ဗုံးနှစ်လုံးနဲ့ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက်ဆယ်နှစ်အရွယ် လွေးနီလာအောင်၊ အသက်နှစ်ဆယ့်တနှစ်အရွယ် လွေးရီရီလှိုင်၊ အသက်နှစ်ဆယ့်တနှစ်ရွယ် လွေးဆန်းဆန်းဦး၊ အသက်သုံးဆယ်ငါးနှစ်အရွယ် ဒေါ်အေးသောင်း၊ အသက်လေးဆယ်နှစ်နှစ်အရွယ် ဦးသန်းကျော်နဲ့ အသက်လေးဆယ်ခုနှစ်နှစ်အရွယ် ဒေါ်အေးဟိန်းသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အသက်လေးနှစ်အရွယ် မိုင်းကျော်ဇေယျဦး၊ အသက်သုံးဆယ်သုံးနှစ်အရွယ် ဒေါ်အီအေး၊ အသက်ခြောက်ဆယ်ရှစ်နှစ်အရွယ် ဦးကျော်နဲ့အသက်ခုနှစ်ဆယ်ခုနှစ်နှစ်အရွယ် ဒေါ်စောရင်ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နေအိမ်နှစ်ဆယ့်ငါးလုံး၊ ဆိုင်ကယ်လေးစီးလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကျောက်မဲမြို့နယ်၊ ၁၁မိုင်ကျေးရွာကိုလည်း မနေ့ ညနေက ပေါင် ၅၀၀ ဗုံးတလုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နှစ်ပါးဒဏ်ရာရသွားပြီး ဘုန်းကြီးကျောင်းတကျောင်းနဲ့ ကျောင်းဆောင်တဆောင်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ လ၁ရက်နေ့မှ ၁၆ရက်နေ့ထိ မန်တုံမြို့ကိုတကြိမ်၊ ကျောက်မဲမြို့ကိုသုံးကြိမ်၊ သီပေါမြို့ကိုငါးကြိမ်၊ မိုင်းငေါ့မြို့ကိုတကြိမ်၊ မိုင်းလုံမြို့ကိုလေးကြိမ်၊ နမ့်ဆန်မြို့ကိုသုံးကြိမ်၊ နမ္မတူမြို့ကိုလေးကြိမ်၊ မိုးမိတ်မြို့ကိုသုံးကြိမ်နဲ့ မိုးကုတ်မြို့ကိုတကြိမ်၊ စုစုပေါင်းနှစ်ဆယ့်ငါးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးခုနှစ်ဦး၊ အမျိုးသားဆယ်ဦး၊ အမျိုးသမီးဆယ့်နှစ်ဦးသေဆုံးခဲ့ပြီး ကလေးဆယ့်တဦး၊ အမျိုးသားဆယ့်လေးဦး၊ အမျိုးသမီးဆယ့်တဦး ဒဏ်ရာရှိခဲ့ပြီး လူနေအိမ်တရာရှစ်အိမ်၊ စာသင်ကျောင်းသုံးကျောင်း၊ ဘုန်းကြီးကျောင်းနှစ်ကျောင်း၊ ကျောင်းဆောင်လေးဆောင်နဲ့ အဆောက်အဦးလေးလုံး ပျက်စီးသွားခဲ့ပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့အပြစ်မဲ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူး လွန်နေတယ်လို့ဆိုပါတယ်။













