Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၅။
အာရက္ခတပ်တော်(AA)ဟာ ပင်လယ်ရေကြောင်းကနေ မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာ အဓိကတာဝန်ခံပြီး လုပ်ပေးနေတာလို့ စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းကစွပ်စွဲပြောဆိုလိုက်ပါတယ်။
အဲဒီပင်လယ်ပြင်မှာ မိသမျှ မူးယစ်ဆေးဝါးအမှုတော်တော်များများမှာ AA ပါဝင်ပတ်သက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် AA ရဲ့ ပါဝင်ပတ်သက်မှုဟာ သာမန်အတိုင်း သွယ်ဝိုက်ပြီး ပါတာမျိုးမဟုတ်ဘဲ တိုက်ရိုက်ကြီးကို ပါနေတာလို့ လည်းဆိုပါတယ်။
နောက်ပြီး AA ရဲ့ဗိုလ်မှူးကြီးအဆင့်ရှိတဲ့သူတွေကအစ တပ်သားတွေအထိအဖွဲ့လိုက်ကို ဦးဆောင်ပြီးမူးယစ်ဆေးဝါးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာလို့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောသွားပါတယ်။
အဲဒီမူးယစ်ဆေးဝါးကရတဲ့ ငွေတွေနဲ့ လက်နက်ဝယ်တာ၊တပ်ဖွဲ့အင်အား တည်ဆောက်တာတွေကိုလည်း AA က လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မူးယစ်ဆေးကရတဲ့ ငွေနဲ့ အာဏာတည်ဆောက်၊ အဲဒီအာဏာကိုသုံးပြီး မူးယစ်ဆေးဝါးလုပ်ငန်းကို ဆက်လုပ်နဲ့ သံသရာလည်နေတာလို့ စွပ်စွဲပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ မိနေတဲ့ မူးယစ်ဆေးဝါးအချို့ဟာလည်း မြန်မာနိုင်ငံထဲက ထွက်လာတာဖြစ်ပြီး AA တို့လို အဖွဲ့တွေက ပင်လယ်ရေကြောင်းကနေ ပို့ပေးနေတာလို့ဆိုပါတယ်။
အဲဒါကြောင့် ဒါဟာနိုင်ငံတကာအထိ အန္တရာယ်ရှိနေတဲ့ ကိစ္စလို့ ဆိုပါတယ်။
အဲဒီလို မူးယစ်ဆေးဝါးချက်စခန်းတွေကို လိုက်ဖမ်းနေတာဟာမြန်မာနိုင်ငံအတွက်တင် မဟုတ်ဘဲ တကမ္ဘာလုံးကို ကယ်တင်ဖို့ကြိုးစားနေတာလို့လည်း ပြောသွားပါသေးတယ်။
အဲဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ အကာအကွယ်မပါဘဲ ဒီလို မူးယစ်ဆေးဝါးတွေ ချက်ဖို့ မလွယ်ဘူးလို့လည်းဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ခုလို စွပ်စွဲချက်တွေအပေါ် AA ဘက်ကတော့ ဒါဟာ ယုတ္တိမရှိတဲ့အပြင် နိုင်ငံရေးအရ သိက္ခာချတဲ့ လုပ်
ရပ်သာဖြစ်တယ်လို့ အရင်ကတည်းက တုံ့ပြန်ငြင်းဆိုထားပါတယ်။






