Border News Agency
ဘန်ကောက်၊ ဇန်နဝါရီ ၂၅။
ဘန်ကောက်မြို့မှာ ရခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ မနက်ပိုင်းမှာ ထောင်ဒဏ်အနှစ်နှစ်ဆယ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီတရားခံကြောင့် ဖလန်းဆောင်နယ်မြေ၊ ကေသုန် ရခိုင်တန်းလျားက လူတွေလည်း စစ်ဆေးခံလိုက်ရတယ်လို့ သိရပါတယ်။
အဲဒီဘန်ကောက်မြို့၊ ဖလန်းဆောင်နယ်မြေဆိုင်ကယ်မူလီစက်ရုံတခုအနီးက မြန်မာလုပ်သားတွေနေထိုင်ရာဝန်းမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က မြန်မာအလုပ်သမားတဦးက ဇနီးဖြစ်သူကိုသတ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် မကျော့ကျော့ဝေကို ခင်ပွန်းဖြစ်သူအသက် သုံးဆယ်ခုနှစ်နှစ်အရွယ် ကျော်မင်းနိုင်က သတ်ဖြတ်ပြီး အခန်းကိုအပြင်ကနေ သော့ခတ်ကာထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီကျူးလွန်သူ ကျော်မင်းနိုင် ထွက်ပြေးသွားချိန်မှာမျက်နှာပျက်ယွင်းနေတာကို အနီးဝန်းကျင်ရှိ မြန်မာလုပ်သားအချို့က မြင်တွေ့ခဲ့ရပြီး မကျော့ကျော့ဝေကို အော်ခေါ်ပေမယ့် ထူးသံမကြားတာမို့ အခန်းသော့ကို ဖျက်ဆီးဝင်ရောက်ကြည့်ရှုရာမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ဇာတိဖြစ်ကြပြီး မကြာသေးခင်က စကားများကာခွဲနေခဲ့ကြရာမှာ အမျိုးသားဖြစ်သူက ခဏခဏလာရောက်ပြဿနာရှာလေ့ရှိတယ်လို့ သိရပါတယ်။






