Border News Agency
အီရန်၊ ဧပြီ ၁၉။
ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပြန်ပိတ်လိုက်တာကြောင့် နိုင်ငံတကာ သင်္ဘောသွားလာရာမှာ အလွန်အမင်း ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေပြီး အိန္ဒိယရေနံတင်သင်္ဘောတစီးကိုလည်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ပစ်ခတ်တားဆီးခဲ့တယ်လို့ သိရပါတယ်။
အီရန်ဘက်က အမေရိကန်ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေ မရပ်မချင်း ရေလက်ကြားကို ပြန်ဖွင့်ပေးမှာမဟုတ်ဘူးလို့ အပြတ်အသတ် ပြောဆိုထားပါတယ်။
အီရန်နိုင်ငံခြားရေး ဒု-ဝန်ကြီးကလည်း အမေရိကန်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးဖို့အတွက် ရက်ချိန်းသတ်မှတ်ထားတာ မရှိသေးကြောင်းနဲ့ ဝါရှင်တန်ဘက်က တောင်းဆိုချက်တွေကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာခါမေနီကလည်း အမေရိကန်နဲ့ အစ္စရေးကို အရင်ကထက်ပိုတဲ့ ခါးသီးတဲ့ ရှုံးနိမ့်မှုတွေ ပေးဖို့ အသင့်ပဲလို့ သတိပေးထားပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာတော့ အစ္စရေးနဲ့ အပစ်ရပ်ထားတဲ့ကာလအတွင်း လမ်းတံတားတွေကို ပြန်လည်ပြုပြင်နေပေမယ့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ (UNIFIL) ယာဉ်တန်းတခု တိုက်ခိုက်ခံရပြီး ပြင်သစ်စစ်သားတဦး သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဟစ်ဇ်ဘိုလာအဖွဲ့က လုပ်ဆောင်တာလို့ ပြင်သစ်သမ္မတ မက်ခရွန်က စွပ်စွဲထားပေမယ့် ဟစ်ဇ်ဘိုလာဘက်ကတော့ ငြင်းဆိုထားပါတယ်။
အစ္စရေးနိုင်ငံအတွင်းမှာလည်း သမ္မတ နေတန်ယာဟုရဲ့ အစိုးရအပေါ် မကျေနပ်တဲ့ ပြည်သူထောင်ပေါင်းများစွာဟာ တယ်လ်အဗစ်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
နေတန်ယာဟုဟာ နိုင်ငံရဲ့အကျိုးစီးပွားထက် ထောင်ဒဏ်ကျခံရမှာကို ကြောက်တာကြောင့် စစ်ပွဲတွေကို ဖန်တီးနေပြီး လူ့အဖွဲ့အစည်းကို အတွင်းထဲကနေ ဖျက်ဆီးနေတယ်လို့ ဆန္ဒပြသူတွေက ဝေဖန်နေကြပါတယ်။
အဲဒီအပြင်အီရန်ပြည်သူတွေကြားမှာလည်း စစ်ပွဲရဲ့ အရိပ်အယောင်တွေကြောင့် စိုးရိမ်မှုတွေရှိနေသလို တဖက်မှာလည်း အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ရှိနေပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ အီရန်အတွက် အရေးပါတဲ့ အပေးအယူလုပ်နိုင်တဲ့ လက်နက်တခုဖြစ်နေပြီး ဒီတင်းမာမှုတွေကြောင့် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အလွန်ခက်ခဲမယ့် အခြေအနေမှာ ရှိနေပါတယ်။






