Border News Agency
အီရန်၊ ဧပြီ ၂၃။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေအပေါ် ကောက်ခံတဲ့ လမ်းခွန်တွေထဲကနေ ပထမဆုံး ဝင်ငွေတွေကို စတင်ရရှိနေပြီလို့ အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Hamidreza Haji-Babaei က ပြောကြားလိုက်ပါတယ်။
ဒီအကြောင်းကို အီရန်အခြေစိုက် Tasnim သတင်းဌာနက ဖော်ပြခဲ့တာဖြစ်ပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါတဲ့ အဲဒီရေလက်ကြားကို ဖြတ်သန်းခ ကောက်ခံဖို့ အီရန်က စီစဉ်ခဲ့ပြီးနောက် အခုလို စတင်ရရှိလာတာပါ။
အီရန်အာဏာပိုင်တွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ ရေလမ်းကြောင်းထိန်းသိမ်းရေးအတွက် အကြောင်းပြပြီး ရေလက်ကြားကို ဖြတ်သန်းတဲ့ ကုန်သွယ်ရေးသင်္ဘောတွေဆီကနေ အခွန်ကောက်ခံဖို့ ဥပဒေကြမ်းကို အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အခုလို အီရန်ရဲ့ အခွန်ကောက်ခံမှုဟာ နိုင်ငံတကာ ရေကြောင်းသွားလာခွင့်ဆိုင်ရာ ဥပဒေတွေနဲ့ ညီညွတ်မှု ရှိ၊ မရှိအပေါ် နိုင်ငံတကာမှာ အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံလောက် ဖြတ်သန်းရာ နေရာဖြစ်တာကြောင့် အီရန်ရဲ့ ဒီလုပ်ဆောင်ချက်က ကမ္ဘာ့စွမ်းအင်ဈေးကွက်နဲ့ ကုန်သွယ်ရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။






