Border News Agency
အီရန်၊ ဧပြီ ၂၇။
နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်စဲဖို့နဲ့ ပိတ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကို ပုံမှန်အတိုင်းပြန်ဖွင့်ပေးဖို့ဆိုတဲ့ အချက်တွေပါဝင်တဲ့ အဆိုပြုချက်ကို အီရန်အစိုးရက အမေရိကန်ဆီ ပေးပို့လိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့ကို ရောက်ရှိစဉ် ကြားခံစေ့စပ်ပေးနေတဲ့ ပါကစ္စတန်အာဏာပိုင်တွေကတဆင့် အဲဒီအဆိုပြုချက်ကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ အီရန်ရဲ့ကမ်းလှမ်းချက်မှာ စစ်ပွဲရပ်ဆိုင်းရေးနဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးကို အဓိကထားထားပေမယ့် နိုင်ငံရဲ့ နျူကလီးယား နည်းပညာကဏ္ဍနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကိုတော့ နောင်တချိန်ထိ ရွှေ့ဆိုင်းထားဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။
အစောပိုင်းက ပါကစ္စတန်မှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ ရှိခဲ့ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာကြောင့် လူချင်းတွေ့ဆုံနိုင်တာမရှိခဲ့ပါဘူး။
သမ္မတဒေါ်နယ်ထရန့်ဟာ အီရန်ဆီက အဆိုပြုချက်ကို လက်ခံရရှိပြီးနောက် ဧပြီလ ၂၇ ရက်၊ဒီနေ့မှာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအဖွဲ့နဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ဖို့ ရှိနေပါတယ်။
သမ္မတဒေါ်နယ်ထရန့်ကတော့ အီရန်ဘက်က ကမ်းလှမ်းမှုဟာ လက်ခံနိုင်စရာမရှိဘူးဆိုရင် အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်အင်အားနဲ့ ဆက်ပြီး ပိတ်ဆို့ထားဦးမယ်လို့ Fox သတင်းဌာနနဲ့ အင်တာဗျူးမှာ သတိပေးထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဟာ ပါကစ္စတန်ခရီးစဉ်အပြီး ဧပြီလ ၂၆ ရက်နေ့မှာ အိုမန်နိုင်ငံကို ဆက်လက်သွားရောက်ခဲ့ပြီး ဟော်မုဇ်ရေလက်ကြားကိစ္စကို အိုမန်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။
အီရန်ဟာ စစ်ပွဲစတင်ချိန်ကတည်းက နိုင်ငံတကာရေနံတင်ပို့မှု အချက်အခြာဖြစ်တဲ့ ဟော်မုဇ်ရေလမ်းကြောင်းကို ပိတ်ထားခဲ့သလို အမေရိကန်ဘက်ကလည်း အီရန်ဆိပ်ကမ်းတွေကို ဖိအားပေးဖို့အတွက် အဲဒီရေလမ်းကြောင်းကိုပါ ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
ဒီလို ရေလမ်းကြောင်း ပိတ်ဆို့မှုတွေကြောင့် ကမ္ဘာတဝှမ်းမှာ ရေနံနဲ့ လောင်စာဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနေပြီး နိုင်ငံအတော်များများမှာ လောင်စာဆီပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာတော့ အီရန်ရဲ့ အဆိုပြုချက်အပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလာမလဲဆိုတာကို နိုင်ငံတကာစောင့်ကြည့်နေကြပါတယ်။






