Border News Agency
အီရန်၊ မေ ၆။
ဟော်မုဇ်ရေလက်ကြားကို အီရန်ကဆက်လက်ထိန်းချုပ်ထားပြီး အမေရိကန်စစ်တပ် အပါအဝင် ဘယ်နိုင်ငံခြားတပ်ဖွဲ့မဆို ကျူးကျော်ဝင်ရောက်လာရင် တိုက်ခိုက်သွားမယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်-အီရန် စစ်ပွဲစကတည်းက ရေလက်ကြားမှာ သင်္ဘောအစင်း ၂,၀၀၀ နဲ့ သင်္ဘောသား ၂၀,၀၀၀ ခန့် ပိတ်မိနေတယ်လို့ IMO က ဆိုပါတယ်။
အဲဒီ ပိတ်မိနေတဲ့သင်္ဘောတွေကို လမ်းပြပေးဖို့အတွက် အမေရိကန်စစ်တပ်က မေလ ၄ ရက်မှာ စတင်လုပ်ဆောင်မယ်လို့ သမ္မတထရမ့်က ပြောထားပါတယ်။
ဒီစစ်ဆင်ရေးမှာ ပဲ့ထိန်းဒုံးကျည်တပ်သင်္ဘောတွေ၊ လေယာဉ် ၁၀၀ ကျော်နဲ့ တပ်ဖွဲ့ဝင် ၁၅,၀၀၀ ကျော် ပါဝင်မှာဖြစ်ပေမယ့် အီရန်ဘက်မှာတော့ ဒီကနေ့အထိ ထူးခြားမှု မတွေ့ရသေးပါဘူး။
သမ္မတထရမ့်ရဲ့ ပြောဆိုချက် ထွက်ပေါ်လာပြီးနောက်မှာပဲ ရေလက်ကြားထဲက ရေနံသင်္ဘောတစင်း အမည်မသိလက်နက်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
ဒါဟာ ဒေသတွင်းစစ်ရေးတင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတဲ့ လက္ခဏာဖြစ်ပြီး ရေနံတင်ပို့မှုလမ်းကြောင်းတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။
တဖက်မှာလည်း အီရန်ရဲ့ အချက် ၁၄ ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အမေရိကန်ဘက်က ပါကစ္စတန်ကတဆင့် အကြောင်းပြန်ထားတာရှိပြီး အဲဒီအချက်တွေကို စိစစ်နေတယ်လို့ အီရန်ဘက်က ပြောပါတယ်။
ဒါပေမယ့် လက်ရှိစစ်ပွဲမပြီးမချင်း နျူကလီးယားအရေး ဆွေးနွေးမှုတွေ ရှိလာမှာမဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ နှစ်ဖက်စစ်ရေးအင်အားပြိုင်ဆိုင်မှုတွေကြားမှာ ပိတ်မိနေပြီး နိုင်ငံတကာပင်လယ်ရေကြောင်းသွားလာရေးနဲ့ ကမ္ဘာ့ရေနံဈေးကွက်အပေါ် ရိုက်ခတ်မှုတွေ အကြီးအကျယ် ရှိလာနိုင်တာကြောင့် ကမ္ဘာ့နိုင်ငံတွေက စောင့်ကြည့်နေကြပါတယ်။






