Border News Agency
အမေရိကန်၊ မေ ၈။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေကိုတိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့နဲ့ ရေမိုင်းတွေကို ဖယ်ရှားပေးဖို့ အီရန်ကို UN ကနေတဆင့် ဖိအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီ၊ ကာတာ၊ ယူအေအီး တို့နဲ့ ပူးပေါင်းပြီး အီရန်ကို အရေးယူနိုင်မယ့် ဆုံးဖြတ်ချက်မူကြမ်းတခုကို UN မှာ တင်သွင်းထားပါတယ်။
အဲဒီမူကြမ်းကို အတည်ပြုနိုင်ရင် အီရန်အပေါ် စီးပွားရေးပိတ်ဆို့တာတင်မကဘဲ လိုအပ်ရင် စစ်ရေးအရ အင်အားသုံးတာမျိုးအထိ လုပ်ဆောင်လာနိုင်တာ ဖြစ်ပါတယ်။
သမ္မတထရမ့်ဟာ အာဏာပြန်ရကတည်းက UN ကို အမြဲဝေဖန်ပြီး အသိအမှတ်မပြုခဲ့ပေမယ့် အခုတော့ ဟော်မုဇ်ရေလက်ကြား ပိတ်ထားရလို့ ကမ္ဘာ့ရေနံဈေးနှုန်းတွေ တက်လာတာနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် UN ဘက်ကို ပြန်လှည့်လာတာပါ။
မာကိုရူဘီယိုကတော့ ဒီလိုရိုးရှင်းတဲ့ကိစ္စကိုတောင် UN က မဖြေရှင်းပေးနိုင်ရင် UN စနစ်ကြီးက ဘာမှအသုံးမကျတော့ဘူး လို့တောင် ခပ်ပြင်းပြင်း ပြောဆိုထားပါတယ်။
ဒီမူကြမ်းကို လာမယ့်အပတ်ထဲမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပေမယ့် အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချမှာကိုတော့ အမေရိကန်ဘက်က စိုးရိမ်နေပါတယ်။
အရင်တခေါက်ကလည်း အဲဒီလိုမူကြမ်းတခုကို တရုတ်နဲ့ ရုရှားက ပယ်ချခဲ့ဖူးတာကြောင့် အခုတခေါက်မှာတော့ အသုံးအနှုန်းတွေကို အနည်းငယ် ပြောင်းလဲပြီး တင်ပြထားတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင်တွေဟာ ဒီကိစ္စကို တံခါးပိတ်ဆွေးနွေးနေကြပြီး အီရန်ဘက်ကတော့ ဒီကမ်းလှမ်းချက်တွေကို စိစစ်နေတုန်းပဲလို့ သိရပါတယ်။






