Border News Agency
အမေရိကန်၊မေ ၁၁။
အမေရိကန်နဲ့အီရန်ကြား စစ်ပွဲရပ်စဲဖို့ ညှိနှိုင်းနေကြပေမယ့် အီရန်ဘက်က တန်ပြန်တောင်းဆိုတဲ့ အချက်တွေကို သမ္မတ ဒေါ်နယ်ထရမ့်က လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ပယ်ချလိုက်ပါတယ်။
အီရန်ဘက်က ပါကစ္စတန်အစိုးရတဆင့် ပေးပို့တဲ့အဆိုပြုချက်ထဲမှာ စစ်ပွဲရပ်ဖို့၊ အမေရိကန်က ထပ်မတိုက်ဖို့ အာမခံချက်ပေးဖို့နဲ့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးဖို့ ပါဝင်နေတာပါ။
ဒါပေမယ့် ထရမ့်ကတော့ အီရန်ဘက်က တုံ့ပြန်ချက်တွေကို ဖတ်ကြည့်ပြီးပြီဖြစ်ကြောင်းနဲ့ ဒီအချက်တွေက လက်ခံနိုင်စရာမရှိဘူးလို့ မေလ ၁၀ ရက်နေ့မှာ လူမှုကွန်ရက်ကတဆင့် ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက သူတို့အနေနဲ့ ဆွေးနွေးမှုတွေရှိနေပေမယ့် ရန်သူ့ကို ဘယ်တော့မှ ဦးညွှတ်အရှုံးပေးမှာမဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
အမေရိကန်နဲ့အတူ အီရန်ကို တိုက်ခိုက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကလည်း အီရန်ရဲ့ နျူကလီးယားစက်ရုံတွေ အကုန်မဖျက်ဆီးနိုင်မချင်း စစ်ပွဲကို ရပ်လို့မရသေးဘူးလို့ သတိပေးနေပါတယ်။
အီရန်ပိုင်နက်ထဲမှာ ဖျက်ဆီးပစ်ရမယ့် ယူရေနီယံသန့်စင်စက်ရုံတွေ ကျန်နေသေးတာကြောင့် စစ်ပွဲပြီးပြီလို့ သတ်မှတ်လို့မရဘူးလို့ သူက ဆိုပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်လုံးက အပစ်အခတ်ရပ်စဲထားတာ တလကျော်ရှိနေပြီဖြစ်ပေမယ့် ပင်လယ်ပြင်မှာတော့ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပါ။
အမေရိကန်ရေတပ်က အိုမန်ပင်လယ်ကွေ့နားမှာ အီရန်သင်္ဘောတွေကို ပိတ်ဆို့ထားသလို အီရန်ဘက်ကလည်း ကမ္ဘာ့အချက်အခြာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို မတ်လကတည်းက ပိတ်ထားတာကြောင့် နိုင်ငံတကာမှာ လောင်စာဆီဈေးတွေ ထိုးတက်နေပါတယ်။
ပြီးခဲ့တဲ့အပတ်က ဟော်မုဇ်ရေလက်ကြားတဝိုက်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတချို့ရှိခဲ့ပေမဲ့ အပစ်ရပ်သဘောတူညီချက်ကတော့ ဆက်လက်တည်မြဲနေသေးတယ်လို့ နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။
ဒါပေမယ့် နှစ်ဦးနှစ်ဖက် တောင်းဆိုချက်တွေက ကွဲလွဲနေဆဲဖြစ်တာကြောင့် ဒီစစ်ပွဲက ဘယ်တော့အပြီးသတ်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။






