Border News Agency
ဖိလစ်ပိုင်၊မေ ၁၃။
ဖိလစ်ပိုင်မှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးအတွက် လက်တွေ့ကျတဲ့ အဖြေတွေမထွက်လာတာနဲ့ ပတ်သက်ပြီး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာကိုယ်တိုင်ကလည်း မြန်မာ့အရေး တိုးတက်မှုမရှိလို့ စိတ်ပျက်ရတယ်လို့လည်း ပြောဆိုထားပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာလည်း အရင်အတိုင်း စိုးရိမ်တယ်ဆိုတဲ့ စကားလုံးတွေပဲ ပါဝင်ပြီး NUG သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရားဝင်တွေ့ဆုံတာ၊အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မယ့် ခိုင်မာတဲ့ ယန္တရားမျိုး မပါဝင်ဘူးလို့ APHR က ထောက်ပြပါတယ်။
ဒီလိုအားနည်းချက်တွေက အာဏာသိမ်းစစ်အုပ်စုကို အကြမ်းဖက်ဖို့ အခွင့်သာစေတယ်လို့ ဆိုပါတယ်။
အာဆီယံရဲ့ ပြည်တွင်းရေး မဝင်စွက်ဖက်ရေး မူဝါဒက ရှေ့ဆက်ဖို့ အဟန့်အတားဖြစ်နေပြီး အထူးသဖြင့် ထိုင်း၊ကမ္ဘောဒီးယားနဲ့ လာအိုတို့က ပိုမိုပြတ်သားတဲ့ အရေးယူမှုတွေကို ပိတ်ဆို့ထားတယ်လို့လည်း ဝေဖန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ကအစိုးရတရပ်လို ဆက်ဆံဖို့ ကြိုးစားတာမျိုးတွေဟာ လုံးဝမဖြစ်သင့်ဘူးလို့ သတိပေးထားပါတယ်။
APHR ဥက္ကဋ္ဌကလည်း အာဏာသိမ်းစစ်တပ်ဟာ တရားဝင်မှုမရှိတဲ့အတွက် သူတို့နဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ မျှော်လင့်လို့မရဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အကူအညီတွေကို စစ်တပ်လမ်းကြောင်းကနေပဲ ပေးနေတာက လိုအပ်သူတွေဆီ မရောက်အောင် ပိတ်ဆို့သလိုဖြစ်နေပြီး၊ ဒီပြဿနာတွေဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေအထိပါ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် အာဆီယံအနေနဲ့ မြန်မာ့ဒီမိုကရေစီကိုယ်စားလှယ်တွေကို တရားဝင် အသိအမှတ်ပြုဖို့၊စစ်အုပ်စုကို ပြတ်ပြတ်သားသား အရေးယူဖို့နဲ့ စစ်တပ်နဲ့ မပတ်သက်တဲ့ လွတ်လပ်တဲ့ အကူအညီပေးရေး လမ်းကြောင်းတွေ ဖော်ဆောင်ပေးဖို့ APHR က တိုက်တွန်းထားပါတယ်။
အာဆီယံရဲ့ ဂုဏ်သိက္ခာဟာ မြန်မာပြည်သူတွေကို ဘယ်လောက်ကာကွယ်နိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်နေတယ်လို့ ဆိုပါတယ်။




