Border News Agency
ကွန်ဂို၊ မေ ၂၀။
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီဗိုလာ (Ebola) ရောဂါကြောင့် လူ ၁၃၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး ကူးစက်ခံရနိုင်ခြေရှိတဲ့ သံသယလူနာ ၅၁၃ ဦးအထိရှိလာတယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဒီအခြေအနေကို နိုင်ငံတကာစိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မေလ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောပြချက်အရ အခုကူးစက်မှုဟာ ဘန်ဒီဘူဂျို (Bundibugyo) လို့ခေါ်တဲ့ ရှားပါးအီဗိုလာဗိုင်းရပ်စ် မျိုးကွဲတခုကြောင့်ဖြစ်ပွားတာဖြစ်ပြီး အဲဒီဗိုင်းရပ်စ်အတွက် ဆေးဝါး ဒါမှမဟုတ် ကာကွယ်ဆေး လုံးဝမရှိသေးပါဘူး။
လက်ရှိမှာတော့ ဂိုမာ (Goma) မြို့အပါအဝင် ဒေသအများအပြားမှာ ကူးစက်မှုတွေကို အတည်ပြုထားရပါတယ်။
WHO အထွေထွေညွှန်ကြားရေးမှူးချုပ်တက်ဒရိုစ်ကတော့ ဂျနီဗာမြို့သတင်းစာရှင်းလင်းပွဲမှာ အခုရောဂါ ကူးစက်ပြန့်ပွားနေတဲ့ အရှိန်အဟုန်ဟာအရမ်းမြန်ဆန်လွန်းတာကြောင့် အလွန်အမင်းစိုးရိမ်ပူပန်မိတယ်လို့ မေလ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။




