Border News Agency
ဂါဇာ၊မေ ၂၂။
ဂါဇာကမ်းမြောင်ဒေသသို့ မေလ ၁၉ ရက်နေ့ကဦးတည်မောင်းလာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရေးရေယာဉ်စုကို အစ္စရေးရေတပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တဲ့ နိုင်ငံတကာလှုပ်ရှားသူ ရာနဲ့ချီကို အစ္စရေးအာဏာပိုင်တွေက စတင်ပြည်နှင်ဒဏ်ပေးနေပြီလို့ အစ္စရေးရှိ အာရပ်လူနည်းစု အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာဗဟိုဌာန (Adalah) က ပြောကြားလိုက်ပါတယ်။
အဲဒီဖမ်းဆီးခံထားရသူ အသက်ဝင်လှုပ်ရှားသူ ၄၃၀ ခန့်ထဲက အများစုကို အစ္စရေးတောင်ပိုင်းရှိ ရာမွန်လေဆိပ်နဲ့ ကျန်ရှိသူတွေကို တယ်လ်အဗီဗ်မြို့ရှိ ဘင်ဂူရီယွန် လေဆိပ်တွေဆီ ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးနေတာ ဖြစ်ပါတယ်။
အဲဒီနေ့က နိုင်ငံတကာရေပိုင်နက်အတွင်း ဂါဇာဘက်ကို ခုတ်မောင်းလာတဲ့ Global Sumud Flotilla ကူညီရေးရေယာဉ်စုရဲ့ လှေအစီးပေါင်း ၅၀ ကျော်ကို အစ္စရေးတပ်ဖွဲ့တွေက ကြားဖြတ်စီးနင်း ဖမ်းဆီးခဲ့တာပါ။
အဲဒီဖမ်းဆီးမှုအပေါ် စပိန်၊ ဘရာဇီး၊အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံက အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
ဒါ့အပြင် အစ္စရေးရဲ့လက်ယာစွန်းအမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာဘင်ဂါဗီယာ က ဖမ်းဆီးခံထားရတဲ့ လှုပ်ရှားသူတွေကို လက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ခိုင်းကာ လှောင်ပြောင်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို X လူမှုကွန်ရက်ပေါ် တင်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ကန့်ကွက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
အဲဒီဗီဒီယိုကြောင့် ပြင်သစ်၊ ကနေဒါ၊ စပိန်၊ ပေါ်တူဂီနဲ့ နယ်သာလန်နိုင်ငံတို့က အစ္စရေးသံအမတ်တွေကို ဆင့်ခေါ်ပြီး သူတို့ရဲ့ဒေါသကို ဖော်ပြခဲ့ကြသလို ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာကလည်း ဒီလုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။
လောလောဆယ်မှာ တူရကီအစိုးရက သူ့နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တွေ စေလွှတ်ထားသလို ဂျော်ဒန်နိုင်ငံသား နှစ်ဦးလည်း နေရပ်ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။
ပါလက်စတိုင်းပြည်သူအများစုကတော့ အခုလို အစ္စရေးဘက်က ပြည်နှင်ဒဏ်ပေးမှုတွေကို အလျင်အမြန်လုပ်ဆောင်နေတာဟာ ဝန်ကြီး ဘင်ဂါဗီယာရဲ့ဗီဒီယိုကြောင့် ဖြစ်လာတဲ့ နိုင်ငံတကာပုံရိပ်ကျဆင်းမှုကို အဖတ်ဆယ်ဖို့ ကြိုးပမ်းတာဖြစ်ပြီး ဖမ်းဆီးနှိပ်စက်ခံရသူတွေဟာ နိုင်ငံခြားသားတွေဖြစ်နေလို့သာ ကမ္ဘာက အခုလို ပိုပြီးအာရုံစိုက်လာကြတာလို့ ဝေဖန်ထောက်ပြနေကြပါတယ်။






