Border News Agency
အမေရိကန်၊ မေ ၂၆။
အမေရိကန်အနေနဲ့ အီရန်နိုင်ငံနဲ့ခိုင်မာတဲ့ သဘောတူညီချက်တခုရရှိအောင် လုပ်ဆောင်မှာဖြစ်ပြီး အဆင်မပြေရင် အခြားနည်းလမ်းနဲ့ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက သတိပေးပြောကြားလိုက်ပါတယ်။
သမ္မတဒေါ်နယ်ထရန့်က စစ်ပွဲအဆုံးသတ်ဖို့နီးစပ်နေပြီဆိုတဲ့ မျှော်လင့်ချက်တွေကို လျှော့ချပြောဆိုခဲ့ပြီးနောက် ရူဘီယိုက အခုလိုထပ်ဆင့်သတိပေးလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မာကိုရူဘီယိုက ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့အဆိုပြုချက်တခု ရှိနေကြောင်းနဲ့ဆွေးနွေးပွဲတွေနှောင့်နှေးနေမှုအပေါ် အလွန်အကျွံ စိုးရိမ်စရာမလိုဘူးလို့သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ ပြီးခဲ့တဲ့ဧပြီလ ၈ ရက်နေ့ကတည်းကအပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ထားပေမယ့် ရေလက်ကြားပိတ်ဆို့မှုနဲ့ ဆိပ်ကမ်းပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
တဖက်မှာလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာဂါရီက ဆွေးနွေးမယ့်အချက်အလက် အများစုအပေါ် သဘောတူညီမှု ရလဒ်အချို့ ထွက်ပေါ်ထားပေမယ့် လက်မှတ်ရေးထိုးဖို့အဆင့်ကတော့ အလှမ်းဝေးနေသေးတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင်လက်ရှိဆွေးနွေးမှုတွေဟာ နျူကလီးယားကိစ္စမဟုတ်ဘဲ စစ်ပွဲအဆုံးသတ်ရေးကိုပဲအဓိကထားနေတာဖြစ်ပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဂရုစိုက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
အဲဒီစေ့စပ်ညှိနှိုင်းမှုတွေအရ အီရန်အနေနဲ့ သူတို့ရဲ့သန့်စင်ပြီး နျူကလီးယားယူရေနီယံတွေကိုစွန့်ထုတ်ဖို့နဲ့ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ပေးဖို့ မူအားဖြင့်သဘောတူထားပြီး အမေရိကန်ဘက်ကလည်း ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ရှိနေပါတယ်။
အခုလိုသံတမန်ရေးရာဆွေးနွေးမှုတွေ မြင့်တက်နေချိန်မှာပဲ အဓိကကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်နဲ့ စစ်ဦးစီးချုပ် အာဆင်မုနီယာတို့ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ဆွေးနွေးဖို့ ဘေဂျင်းမြို့ကို ရောက်ရှိနေကြပါတယ်။




