Border News Agency
နေပြည်တော်၊ မေ ၂၆။
အွန်လိုင်းပေါ်မှာ စီးပွားရေးကြော်ငြာဖို့နဲ့ ဝါဒဖြန့်ဖို့ အသည်းအသန်ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေးအကောင့်၊ စာမျက်နှာနဲ့ ဂရုစုစုပေါင်း ၁၀၉ ခုကို Facebook ပလက်ဖောင်းပေါ်ကနေ ထပ်မံဖယ်ရှားပစ်လိုက်တယ်လို့ Justice For Myanmar က မေလ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီလိုရာနဲ့ချီတဲ့ အာဏာသိမ်းစစ်တပ်ဆက်စပ်အကောင့်တွေ ဖြုတ်ချခံရတာဟာ Justice For Myanmar အဖွဲ့က Facebook ကို ထောက်ပြတိုင်ကြားခဲ့ပြီးနောက်ပိုင်း Meta ရဲ့ ၂၀၂၁ ခုနှစ် မူဝါဒအတိုင်း အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အခုလိုဖြုတ်ချခံရတဲ့အထဲမှာ အာဏာသိမ်းစစ်တပ်အတွက် ငွေရှာပေးနေတဲ့ Mytel နဲ့ MECtel တို့ရဲ့အရောင်းကိုယ်စားလှယ်အကောင့်တွေအပြင် စစ်တပ်ရဲ့လက်ကိုင်တုတ် ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ MRTV နဲ့ MWD တို့ရဲ့ဝါဒဖြန့်မှုတွေကို ပြန်လည်ဖြန့်ဝေပေးနေတဲ့ အကောင့်တွေ အဓိကပါဝင်နေပါတယ်။
Mytel နဲ့ MECtel တို့ဟာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ပြည်သူတွေကို ဒစ်ဂျစ်တယ်စနစ်နဲ့ စောင့်ကြည့်ထောက်လှမ်းရာမှာ အသုံးပြုနေတဲ့ကွန်ရက်တွေလည်း ဖြစ်ပါတယ်။
အဲဒီ MEC ကို ယူကေ၊ အမေရိကန်၊ အီးယူ၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေဖြန့်ဝေနိုင်ဖို့ နာမည်အမျိုးမျိုးပြောင်းပြီး အွန်လိုင်းပေါ်တက်လာဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမှာ TikTok၊ Twitch နဲ့ Kick တို့ကလည်း စစ်တပ်ချန်နယ်တွေကိုဖယ်ရှားခဲ့တာကြောင့် စစ်တပ်ရဲ့အွန်လိုင်းဝါဒဖြန့်နိုင်စွမ်း သိသိသာသာကျဆင်းသွားခဲ့ပါတယ်။
Justice For Myanmar အဖွဲ့ကတော့ အာဏာသိမ်းစစ်တပ်ရဲ့အမြစ်ကို အပြတ်ဖြတ်နိုင်ဖို့အတွက် Alphabet၊ Apple နဲ့ Telegram တို့လို မြန်မာစစ်အုပ်စုနဲ့ ပတ်သက်သမျှ အကောင့်နဲ့လုပ်ငန်းတွေကို သူတို့ရဲ့ပလက်ဖောင်းတွေပေါ်ကနေ အမြန်ဆုံးမောင်းထုတ်ပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။






