Border News Agency
နေပြည်တော်၊ မေ ၂၆။
မြန်မာ့အရေးကို အင်ဒို – ပစိဖိတ်ဒေသရဲ့ မဟာဗျူဟာမြောက် ဦးစားပေးကိစ္စအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ပါဝင်တဲ့ Quad အဖွဲ့ဆီကို မြန်မာ့တော်လှန်ရေးနဲ့အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဟာ Quad အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဆီ လိပ်မူပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကိုငြင်းပယ်ဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီတွေတိုးချဲ့ဖို့၊ မြေပြင်အဖွဲ့တွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့နဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးမြှင့်တင်ဖို့ စတာတွေကိုတောင်းဆိုထားပါတယ်။
စစ်တပ်က အာဏာသိမ်းဖို့ကြိုးပမ်းတာ ၅ နှစ်ကျော်လာချိန်မှာ မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာပြိုလဲနေပြီး နယ်စပ်တလျှောက် မတည်ငြိမ်မှုတွေဆိုးရွားနေတယ်လို့ ထောက်ပြထားပါတယ်။
မြန်မာ့အကျပ်အတည်းဟာ ပြည်တွင်းရေးသက်သက်မဟုတ်တော့ဘဲ အွန်လိုင်းငွေလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကြောင့် အင်ဒို – ပစိဖိတ်ဒေသတခုလုံးရဲ့ လုံခြုံရေးကိုခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ စိတ်ကြွဆေးပြား အများဆုံးထုတ်လုပ်ရာနိုင်ငံဖြစ်လာပြီး နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေကို ပံ့ပိုးပေးရာရောက်နေတာကြောင့် Quad အဖွဲ့အနေနဲ့ ဒီအကျပ်အတည်းကိုလျစ်လျူမရှုဘဲ ဒေသတွင်းတည်ငြိမ်ရေးအတွက် အရေးတကြီး အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။




