Border News Agency
ထိုင်း၊ ဇွန် ၃။
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင် မဟာဝိဇီရာလောင်ကွန်းရဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကျန်ရှိနေတဲ့ ထောင်ဒဏ်ကာလတွေ ပျက်ပြယ်ပြီး လုံးဝလွတ်မြောက်တော့မယ်လို့ ထိုင်းတရားရေးဝန်ကြီး ရုတ္ထဖွန်းနဝရတ်က ဇွန်လ ၃ ရက်နေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။
အဲဒီဇွန်လ ၂ ရက်နေ့ ညပိုင်းက ထုတ်ပြန်တဲ့ တော်ဝင်ပြန်တမ်းအရ ဇွန်လ ၃ ရက်၊ ဒီနေ့မှာ ကျရောက်တဲ့ မိဖုရား သုသီတာရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားအချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ သက်ဆင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ထောင်ဒဏ် ၈ လကျခံပြီးနောက် ပြီးခဲ့တဲ့မေလကမှ ခံဝန်နဲ့ယာယီလွတ်မြောက်ထားတာဖြစ်ပြီး လာမယ့်စက်တင်ဘာလမှာကုန်ဆုံးမယ့် သူရဲ့ကျန်ရှိထောင်ဒဏ် ၃ လကျော်ကာလပါ အပြီးသတ်လွတ်ငြိမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့်တပ်ဆင်ထားရတဲ့ အီလက်ထရွန်နစ်ခြေကျင်းဖြုတ်ပစ်ဖို့နဲ့ လုံးဝလွတ်မြောက်ဖို့အတွက် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့ လုပ်ဆောင်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
သက်ဆင်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် အာဏာအလွဲသုံးစားလုပ်မှုတွေကြောင့် ချမှတ်ခံထားရတဲ့ ထောင်ဒဏ်တွေအတွက် ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေရာကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။



