Border News Agency
မောတောင်၊ ဇွန် ၃။
တနင်္သာရီတိုင်း၊ မောတောင်မြို့နဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇွန်လ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမောတောင်မြို့ထဲကို မေလ ၁၉ ရက်နေ့ကစပြီး အာဏာသိမ်းစစ်တပ်ဝင်ရောက်ကာ အနီးရှိတကောဖောလူကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရွာတွင်းရှိ ပြည်သူ့နေအိမ် ၇ လုံး၊ အထက်တန်းကျောင်း ၁ ဆောင်၊ ကျောင်းသားဘော်ဒါဆောင် ၁ လုံးနဲ့ ခရစ်ယာန်သာသနာရေးအဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျောက်ကြီးမြို့နယ်၊ ဝေဒေါခိုကျေးရွာကို မေလ ၃၀ ရက်နေ့ကလည်းလေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့လို့ အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဝေဒေါခိုကျေးရွာမှ အသက် ၄၇ နှစ်အရွယ် စောတိုးလေးကြီး၊ အသက် ၄၅ နှစ်အရွယ် နော်ကွမ်းယာနဲ့ အသက် ၉ နှစ်အရွယ် နော်အယ်ကလူဖောတို့ သေဆုံးခဲ့ရပြီး အသက် ၁၈ နှစ်အရွယ် နော်မူးဖောကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်နယ်မြေတွေကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့နေ့စဉ်ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သား ပြည်သူလူထုတွေ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ နေကြရတယ်လို့ဆိုပါတယ်။

















