Border News Agency
နယူးဒေလီ၊ ဇွန် ၃။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တောင်ပိုင်း၊ မာလ်ဗီယာနဂါးရပ်ကွက်ရှိ ဟိုတယ်နဲ့ စားသောက်ဆိုင်တွဲလျက် အဆောက်အအုံမှာ ဇွန်လ ၃ ရက်၊ ဒီနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့လို့ လူ ၂၁ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေလီရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီမီးလောင်မှုဟာ မနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်က မြေညီထပ်စားသောက်ဆိုင်ကနေ စတင်ခဲ့တာဖြစ်ပြီး အပေါ်ထပ်ဟိုတယ်က ဧည့်သည်အချို့ဟာ အသက်ဘေးကလွတ်ဖို့ ပြတင်းပေါက်တွေကနေ အောက်ကိုခုန်ချခဲ့ကြရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက လူ ၄၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူတွေရှိနေလို့ သေဆုံးသူထပ်တိုးလာနိုင်ပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အိန္ဒိယသို့ ဆေးကုသဖို့လာရင်း ဟိုတယ်မှာ တည်းခိုနေကြတဲ့ နိုင်ဂျီးရီးယား၊ မိုဇမ်ဘစ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ လိုက်ဘေးရီးယားနိုင်ငံတို့က နိုင်ငံခြားသား ၁၈ ဦး ပါဝင်နေပါတယ်။
အဲဒီလုပ်ငန်းတွေဟာ မီးဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ထောက်ခံချက် (NOC) မရှိဘဲ တရားမဝင် လိုင်စင်မဲ့ဖွင့်လှစ်ထားတာဖြစ်ပြီး၊ အဆောက်အအုံမှာ ထွက်ပေါက်တခုတည်းသာရှိလို့ သေဆုံးသူများပြားခဲ့ရတာဖြစ်ပါတယ်။
အဲဒီထွက်ပြေးတိမ်းရှောင်နေတဲ့ ဟိုတယ်ပိုင်ရှင် လိုကတ်ရှ်ဘာဂျက် (ခ) တင်ကူ ကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က လူသေစေမှုနဲ့ အမှုဖွင့်ရှာဖွေနေပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မီးဘေးသင့်မိသားစုတွေအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး သေဆုံးသူမိသားစုတွေကို အိန္ဒိယရူပီး ၂၀၀,၀၀၀ (မြန်မာငွေ သိန်း ၉၀ ခန့်) စီနဲ့ ဒဏ်ရာရသူတွေကို ရူပီး ၅၀,၀၀၀ စီ ထောက်ပံ့ပေးမယ်လို့ ကြေညာထားပါတယ်။








