Border News Agency
အိန္ဒိယ၊ဇွန် ၄။
အိန္ဒိယနိုင်ငံကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ အောင်မြင်မှုရှိတယ်လို့ သမ္မတတု ဦးမင်းအောင်လှိုင်က ဇွန်လ ၃ ရက် ညနေပိုင်း နေပြည်တော်ကို ပြန်ရောက်လာချိန်မှာ မီဒီယာတွေကို ပြောလိုက်ပါတယ်။
အဲဒီခရီးစဉ်အတွင်း အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနယ်စပ်မှာရှိတဲ့ သက်ဆိုင်သူတွေအနေနဲ့ တိုင်းပြည်ကောင်းစေချင်ရင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်းဆိုပါတယ်။
အဲဒီလိုဆွေးနွေးရာမှာ ဒေသတွင်းစီးပွားရေးအရ အရေးပါလှတဲ့ အာရက္ခဒေသက စစ်တွေကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အမြန်ဆုံးအပြီးသတ်နိုင်ဖို့အတွက် နှစ်ဖက်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယနိုင်ငံကို မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။



