Border News Agency
အမေရိကန်၊ဇွန် ၁၈။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်တို့ဟာ အရှေ့အလယ်ပိုင်း စစ်ပွဲတွေကိုအဆုံးသတ်ဖို့အတွက် နားလည်မှုစာချွန်လွှာတရပ်ကို အီလက်ထရွန်နစ်စနစ်နဲ့ လက်မှတ်ရေးထိုးလိုက်ပါပြီ။
အဲဒီသဘောတူညီချက်အရ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ဆင်ရေးတွေကို ချက်ချင်းနဲ့ ရာသက်ပန် အပြီးတိုင် ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြသလို တဖက်နဲ့တဖက် အင်အားသုံးတာမျိုး လုံးဝမလုပ်ဘဲ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကိုလည်း လေးစားသွားဖို့ ကတိပြုထားပါတယ်။
အမေရိကန်ဘက်ကလည်း အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ ရေတပ်သင်္ဘောတွေကို ၃၀ ရက်အတွင်း ဖယ်ရှားပေးမှာဖြစ်ပြီး အပြီးသတ်သဘောတူညီချက်ရတာနဲ့ အီရန်အနီးက တပ်တွေကို ရုပ်သိမ်းပေးသွားမှာပါ။
ဒါ့အပြင် အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း အပြီးတိုင် ရုပ်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။
စီးပွားရေးအတွက်တော့ ဟော်မုဇ်ရေလက်ကြားကို ကုန်တင်သင်္ဘောတွေ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်အောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေက အီရန်ရဲ့ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ဘီလျံ ၃၀၀ တန် အစီအစဉ်တစရပ်ကိုလည်း ချမှတ်ပေးသွားမှာပါ။
နျူကလီးယားကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်မှာမဟုတ်ကြောင်း အတည်ပြုထားပါတယ်။
လက်ရှိရှိထားတဲ့ ယူရေနီယံတွေကို IAEA ရဲ့ ကြီးကြပ်မှုနဲ့ သန့်စင်မှုအဆင့် လျှော့ချသွားဖို့ သဘောတူထားပြီး အပြီးသတ်သဘောတူညီချက်မရခင်အထိ နှစ်ဖက်လုံးက လက်ရှိအခြေအနေအတိုင်းပဲ ထိန်းထားဖို့ သဘောတူညီခဲ့ကြပါတယ်။
အဲဒီသဘောတူညီချက်ကိုတော့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်က ကြားဝင်စေ့စပ်ပေးခဲ့တာပါ။
ဒီအတွက် အခမ်းအနားကိုတော့ဇွန်လ ၁၉ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပသွားမှာဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒီသဘောတူညီချက်ကို အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။










