Border News Agency
ကျောက်တော်၊ဇွန် ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်က လူနေရပ်ကွက်တွေနဲ့ လမ်းမတော်ကျေးရွာကို ဇွန်လ ၁၇ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရကာ အဆောက်အအုံ ၃၀ ခန့်ပျက်စီးခဲ့ရတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အဲဒီအပြင် ဇွန်လ ၁၄ ရက်နေ့ကလည်း ဂွမြို့နယ် ကျောက်ချွန်ကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ဇွန်လ ၁၅ ရက်နေ့မှာလည်း ကျိန္တလီမြို့ ရမ္မာကျွန်းရွာကို လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ဒီမှာရမ်းဗြဲနဲ့ကျောက်ဖြူမြို့နယ်တွေမှာလည်း အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လေယာဉ်တွေ၊ ရေကြောင်းကနေပစ်ခတ်တာတွေလုပ်ခဲ့သလို သံဇစ်မြစ်ထဲမှာ ခရီးသွားပြည်သူ ၁၄ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လူနေရပ်ကွက်နဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း အာရက္ခတပ်တော်ဆိုပါတယ်။










