Border News Agency
ဒါကာ၊ ဇူလိုင် ၂၁။
ပြီးခဲ့တဲ့စနေနေ့က ဒါကာမြို့ ပန်ပစိဖိတ် ဆိုနာဂေါင်း ဟိုတယ် (Pan Pacific Sonargaon Hotel)မှာ “ဘင်္ဂလား-တရုတ် ရေရှည်မိတ်ဆွေ”ခေါင်းစဉ်နဲ့ ဆီမီနာအစည်းအဝေးကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ တရုတ်သံအမတ်က ခုလိုပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တရုတ်သံအမတ်ကြီးယောင်ဝင်(Yao Wen)က ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ မိမိဆန္ဒအ လျောက်နေရပ်ပြန်နိုင်ရေးမှာ တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား ဆွေးနွေးမှုတွေအတွက် အလုပ်ဖြစ်တဲ့စေ့စပ်ညှိနှိုင်းသူနေရာမှာ ရှိနေမယ်လို့ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေထဲမှာလည်း တရုတ်ရဲ့ကြားဝင်စေ့စပ်မှု အခန်းကဏ္ဍဆက်လက်ရှိနေမယ်လို့ သူက ထည့်ပြောခဲ့ပါတယ်။
တရုတ်ကအဆိုပြုထားတဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (Bangladesh-China-Myanmar Economic Corridor – BCMEC) ကို မီးမောင်းထိုးပြပြီး ဒါဟာ ဒေသတွင်းစီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုတွေကို အားကောင်းစေလိမ့်မယ်လို့လည်း သံအမတ်ကြီးကဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းလောက်က လက်ရှိ ဘင်္ဂလားဒေ့ရှ် BNP အစိုးရအဖွဲ့ ဝန်ကြီးချုပ် တာရစ်ခ်ရာမန် (Tarique Rahman)ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ရိုဟင်ဂျာအရေးမှာ ထိရောက်တဲ့ကြားခံညှိနှိုင်းသူအဖြစ် ဆက်ရှိနေမယ်ဆိုတာကို တရုတ်ဘက်က ဝန်ကြီးချုပ်တာရစ်ခ် ရာမန်ကို ပြောခဲ့ပြီး ဒီအချက်ဟာ နှစ်နိုင်ငံပူးတွဲ သတင်းထုတ်ပြန်ချက်ထဲမှာ အပိုဒ် ၁၃ အနေနဲ့ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာအရေးအပေါ် တရုတ်ချဉ်းကပ်မှု
ရိုဟင်ဂျာအရေးမှာ ပြီးခဲ့တဲ့ ဖြစ်စဉ်တလျှောက် ရခိုင်ဘက်မှာ လူသားချင်းစာနာမှုနဲ့ လုံခြုံရေးပြဿနာတွေရှိနေပေမယ့် တရုတ်ဟာ (ဘင်္ဂလား-မြန်မာ-တရုတ်) သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေဖြစ်အောင် ကြိုးစားခဲ့တာတွေရှိတယ်လို့ အိန္ဒိယအခြေစိုက် သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ CSEP အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ထုတ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
CSEP အဖွဲ့ရဲ့ အဆိုအရ ရိုဟင်ဂျာအရေးမှာ တရုတ်ချဉ်းကပ်နေတဲ့ နည်းဗျူဟာသုံးခုရှိတယ်လို့ ဆိုပါတယ်။
အဲဒီ နည်းဗျူဟာသုံးခုကတော့..
၁။ရခိုင်မှာ တရားဥပဒေစိုးမိုးရေးနဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊
၂။ရိုဟင်ဂျာပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဆွေးနွေးပွဲ
တွေဖြစ်မြောက်လာရေးနဲ့အစည်းအဝေးတွေမှာ တရုတ်က ညှိနှိုင်းဖြန့်ဖြေသူနေရာကရှိရေး၊
၃။ရခိုင်မှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးမှာ တရုတ်က နိုင်ငံတကာဖိအားပေးအရေးယူမှုထက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုကိုသာ လိုလားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် တရုတ်ဟာ တိုးတိုးတိတ်တိတ် ညှိနှိုင်းမှုတွေကို ဆောင်ရွက်နေပါတယ်။
တရုတ်ဟာ တောင်အာရှကို လက်တံဆန့်နိုင်ပြီး ဒေသတွင်းပြိုင်ဘက် အိန္ဒိယနဲ့ ပါဝါအားပြိုင်မှုလည်း ရှိနေပါတယ်။တောင်အာရှဒေသအပေါ် ပါဝါဟန်ချက်ထိန်းနိုင်ဖို့အတွက် တဖက်မှာ ဘင်္ဂလားဒေ့ရှ်ထဲ ရင်းနှီးမြှုပ်နှံမှုတွေကို အရှိန်မြှင့်တင်နေပါတယ်။
အဲဒါကြောင့် ရိုဟင်ဂျာအရေးနဲ့ပတ်သက်လာရင် တရုတ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြားမှာ သူ့ရဲ့အခန်းကဏ္ဍကို ဟန်ချက်ညီအောင်ထိန်းဖို့နဲ့အရေးပါတဲ့ ညှိနှိုင်းသူနေရာမှာရှိနေဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကိုးကား…






