Border News Agency
ရုရှား၊ ဇူလိုင် ၂၁။
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ကို ယူကရိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသားသုံးဦးအပါအဝင် လူဆယ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ တရုတ်အစိုးရ အာဘော်မီဒီယာတွေက ဇူလိုင်လ ၂၁ ရက်၊ ဒီနေ့မှာ ထုတ်လွှင့်ပါတယ်။
အဲဒီဒရုန်းတိုက်ခိုက်မှုဟာ ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းကနေ ၂၀ ရက် မနက်ပိုင်းအထိဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားသုံးဦးအပါအဝင် စုစုပေါင်းလူဆယ်ဦး ဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရသူတွေထဲမှ နှစ်ဦးဟာ နီးစပ်ရာဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး စိုးရိမ်စရာမရှိဘဲ သက်သာလာနေသလို ကျန်တဦးကတော့ တရုတ်ပြည်မကြီးကို ပြန်လည်ကုသဖို့ ဆေးရုံဆင်းခွင့်တောင်းထားပါတယ်။
တရုတ်သံရုံးက အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး စတင်လိုက်ပြီး ဒဏ်ရာရသူတွေကို လိုအပ်တဲ့ကုသမှုပေးဖို့နဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် လုပ်ဆောင်ပေးဖို့ ရုရှားအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။
အဲဒီအပြင် တရုတ်သံရုံးအနေနဲ့ အခြေအနေတွေကို အနီးကပ်ဆက်လက် စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။









