Border News Agency
အီရန်၊ဇူလိုင် ၂၃။
အီရန်နဲ့စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးဖို့ အမေရိကန်ဘက်ကလမ်းဖွင့်ထားပေမယ့် တီဟီရန်အစိုးရဘက်က အလေးအနက်သဘောထားမရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊မနီလာမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မာကို ရူဘီယိုက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပြီး အီရန်ဘက်က ဆွေးနွေးဖို့ မလေးနက်ရင် မိမိတို့နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။
အမေရိကန်က အီရန်အတွင်းရှိ ပစ်မှတ်တွေကိုဆယ့်တညဆက်တိုက် တိုက်ခိုက်ခဲ့အပြီးမှာ ရူဘီယိုက ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။
အခြားတဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ နတ်တန့်ဇ် နျူကလီးယားစက်ရုံတွေကို ထပ်မံတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားပြီး အီရန်ဘက်ကလည်း ပြန်လည်တိုက်ခိုက်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်မှာ လူငါးဆယ်သေဆုံးပြီးငါးရာခန့် ဒဏ်ရာရထားတယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။







