Border News Agency
နေပြည်တော်၊ ဇူလိုင် ၃၀။
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ငွေကျပ်တဒသမငါးဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားဆယ်သိန်းနဲ့အတူ အမျိုးသားငါးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇူလိုင်လ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလယ်ဝေးမြို့နယ်၊ ကြာကန်ကျေးရွာအနီးမှာ ဇူလိုင်လ ၂၃ ရက်နေ့ကမော်တော်ယာဉ်တွေကို စစ်ဆေးစဉ် IPSUM အမျိုးအစား မော်တော်ယာဉ်တစီးကို ရပ်တန့်စစ်ဆေးခဲ့တာပါ။
အဲဒီယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားဆယ်သိန်းနဲ့လက်ကိုင်ဖုန်းခြောက်လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ယာဉ်ပေါ်ပါလာသူ ကျော်ဝင်း၊ မင်းမင်းဟန်၊ အောင်ကိုကို၊ အေးကြိုင်နဲ့သန်းဇော် တို့ကို သာဝတ္ထိနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
အဲဒီအပြင်ပါဝင်ပတ်သက်သူတွေကို အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေပါတယ်။








