Border News Agency
မကွေး၊ ဩဂုတ် ၁၃ ။
မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးလေးခုက လူဦးရေလေးသိန်းခွဲကျော်ထိ ရေဘေးသင့်နေကြတယ်လို့ သြဂုတ်လ ၁၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရေးဘေးအရေးပေါ်တုံ့ပြန်မှု အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အဲဒီစစ်ကိုင်း၊မန္တလေး၊မကွေးနဲ့ ဧရာဝတီရှိနှစ်ဆယ်တမြို့နယ်မှာ လူဦးရေ ၄၅၂,၆၆၃ ဦးခန့် ရေဘေးသင့်နေကြတာဖြစ်ပြီး ရေဘေးကြောင့် နှစ်ဆယ်ငါးဦးသေဆုံးကာ ရှစ်ဦးပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းဟာ ရေဘေးဒဏ်ကိုအဆိုးဆုံးကြုံနေကြရပြီး ဩဂုတ်လ ၁၂ ရက်နေ့ထိ တဆယ့်လေးမြို့နယ်ရှိ အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦး ရေဘေးသင့်နေကြတာပါ။
အဲဒီအပြင်မန္တလေးမှာ သုံးမြို့နယ်ရှိ အိမ်ထောင်စု ၄၄,၆၃၃ စုမှ လူဦးရေ ၁၈၄,၁၁၈ ဦးရေဘေးသင့်နေကြသလို မကွေးမှာ တမြို့နယ်ရှိ အိမ်ထောင်စု ၂၁၅ စုမှ လူဦးရေ ၈၅၈ ဦးရေဘေးသင့်နေကြတယ်လို့ ထုတ်ပြန်ပါတယ်။
နောက်ပြီးဧရာဝတီမှာ သုံးမြို့နယ်ရှိ အိမ်ထောင်စု ၉,၅၇၄ စုမှ လူဦးရေ ၄၀,၁၉၆ ဦး ရေဘေးသင့်နေကြတာပါ။
အဲဒီရေဘေးကြောင့် အညာမှာစစ်ဘေးရှောင်စခန်းတွေရေမြုပ်တာ၊စစ်ရှောင်တဲတွေရေထဲမျောပါတာ၊ကျေးရွာချင်းဆက်လမ်းတံတားတွေပျက်စီးတာ၊စိုက်ပျိုးမြေဧကတွေ ရေဝင်ပျက်စီးသွားပါတယ်။






