Border News Agency
စစ်ကိုင်း၊ သြဂုတ် ၁၃။
မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေဘေးဒဏ်ကိုရင်ဆိုင်နေရတဲ့ ဒေသအများအပြားမှာ ရေဘေးသင့်ပြည်သူတွေ ခက်ခဲပင်ပန်းနေကြရုံသာမက မြွေကိုက်ခံရမှုအန္တရာယ်လည်းရင်ဆိုင်နေကြရပါတယ်။
အဲဒီရေဘေးသင့်ဒေသခံတွေနဲ့ တောင်သူတွေ မြွေဆိပ်ဘေးမှအသက်ဘေးကင်းဝေးစေဖို့အတွက် BPI မြန်မာ့ဆေးဝါးလုပ်ငန်းထုတ်နဲ့ အိန္ဒိယနိုင်ငံထုတ်မြွေဆိပ်ဖြေဆေးတွေအရေးပေါ်လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
”BPI မြွေဆိပ်ဖြေဆေးကတလုံးကို သုံးသိန်းကျပ်ဝန်းကျင်ရှိပြီး အိန္ဒိယထုတ်ကတော့ တလုံးကိုငါးသောင်းကျပ်ဝန်းကျင်ရှိပါတယ်။ ရေဘေးကြုံနေရချိန်ပိုးထိခဲ့ရင် အရေးပေါ်ကူညီနိုင်ဖို့ အခုလိုမြွေဆိပ်ဖြေဆေးတွေ လိုအပ်နေတာဖြစ်ပါတယ်။”လို့ ရေဘေးကူညီရေးလုပ်နေသူတဦးကဆိုပါတယ်။
အဲဒီရေဘေးသင့်ဒေသတွေမှာ ရေတက်လာလို့ မြွေတွေထွက်လာကြတာမို့ ပြည်သူတွေမြွေအန္တရာယ်ကိုသတိပြုနေထိုင်နေကြရပြီး မြွေကိုက်ခံရရင်လည်း အချိန်မီဆေးဝါးကုသမှုရဖို့အဓိကစိန်ခေါ်မှုဖြစ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
”လူ့အသက်တွေကို ကယ်တင်ဖို့အတွက် ကုသိုလ်ပါဝင်လိုကြတဲ့ စေတနာရှင်ပြည်သူတွေအနေနဲ့အတူတကွ လက်တွဲကူညီပေးကြဖို့ လေးစားစွာတိုက်တွန်းနှိုးဆော်ချင်ပါတယ်။”လို့ နောက်ထပ်ကူညီပေးနေသူတဦးကဆိုပါတယ်။
အဲဒီရေဘေးသင့်ပြည်သူတွေဟာ စားနပ်ရိက္ခာအပြင် အသက်ကယ်မယ့်မြွေဆိပ်ဖြေဆေးတွေလည်း အရေးပေါ်လိုအပ်နေကြတာမို့ ကူညီထောက်ပံ့ပေးကြဖို့ ပြည်သူတွေကတောင်းဆိုနေကြပါတယ်။
အဲဒီစစ်ကိုင်း၊မန္တလေး၊မကွေးနဲ့ ဧရာဝတီရှိနှစ်ဆယ်တမြို့နယ်မှာ လူဦးရေ ၄၅၂,၆၆၃ ဦးခန့် ရေဘေးသင့်နေကြတာဖြစ်ပြီး ရေဘေးကြောင့်နှစ်ဆယ်ငါးဦးသေဆုံးကာရှစ်ဦးပျောက်ဆုံးနေတယ်လို့ သြဂုတ်လ ၁၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရေးဘေးအရေးပေါ်တုံ့ပြန်မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။






