Border News Agency
အဥ္ဇနပူရ၊ ဩဂုတ် ၂၉။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အဉ္ဇနပူရမြို့နယ်၊သာယာကုန်းကျေးရွာမှာ လင်ဖြစ်သူကို ဓားနဲ့ခုတ်သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့အမှုမှ တရားခံမိသားစုဝင်သုံးဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနကဖမ်းဆီးခဲ့ပါတယ်။
အဲဒီသာယာကုန်းကျေးရွာမှာ ဩဂုတ်လ ၃ ရက်နေ့၊မနက်ပိုင်းက အသက်သုံးဆယ်တနှစ်အရွယ် ဦးမောင်လှသန်းနဲ့ ဇနီးဖြစ်သူအသက်နှစ်ဆယ့်ကိုးနှစ်အရွယ် ဒေါ်သန်းသန်းဌေးစကားများရန်ဖြစ်ကြချိန် လင်ဖြစ်သူကသုံးလသားအရွယ်ကလေးကို လှံနဲ့ထိုးဖို့ပြုလုပ်ခဲ့တာကြောင့် ဇနီးဖြစ်သူက ဒေါသနဲ့ လည်ပင်းကိုဓားမနဲ့ ခုတ်သတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် သတ်ဖြတ်ခံရသူရဲ့အလောင်းကို ယောက္ခမဖြစ်သူအသက်ငါးဆယ်ခုနှစ်နှစ်အရွယ် ဦးအောင်ကျော်သိန်းနဲ့ ယောက်ဖဖြစ်သူအသက်နှစ်ဆယ်ခုနှစ်နှစ်အရွယ် ကိုစံလင်းချေတို့က မိုးမှောင်စပြုချိန်မှာ ကြပ်စင်မြစ်အတွင်းသွားရောက်ပစ်ချခဲ့ကြတာပါ။
အဲဒီအပြင် သွေးစတွေပေကျံနေတဲ့အိမ်ဝါးထရံကိုလည်း အပြာရောင်သုတ်ဆေးတွေသုတ်ပြီး သဲလွန်စဖျောက်ဖျက်ခဲ့ကြပါသေးတယ်။
အဲဒီရုပ်အလောင်းကို ဩဂုတ်လ ၅ ရက်နေ့မှာ ခမောင်းတောရွာနဲ့မြေပုံမြို့နယ်၊ဝက်ခေါင်းရွာအကြားရှိ ပုဇွန်တာမှာ ပုပ်ပွပြတ်ချဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
အဲဒီပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့တဲ့မိသားစုဝင်သုံးဦးကို ဩဂုတ်လ ၈ ရက်နေ့မှာ ဒီလပ်က ဖမ်းဆီးချုပ်မိန့်ရယူပြီး တရားဥပဒေအတိုင်းအရေးယူနိုင်ရေး ဆောင်ရွက်နေပါတယ်။














