Border News Agency
ဗီယက်နမ်၊ စက်တင်ဘာ ၁။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့ဟာ ဗီယက်နမ်နိုင်ငံသမ္မတမစ္စတာတိုလန်းနဲ့ဇနီးတို့ရဲ့ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဗီယက်နမ်နိုင်ငံသမ္မတနဲ့တွေ့ဆုံကာ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်သွားမှာဖြစ်သလို ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ပါ သီးခြားစီတွေ့ဆုံသွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းတွေမှ ပုဂ္ဂိုလ်တွေကိုလက်ခံတွေ့ဆုံမှာဖြစ်ပြီး မြန်မာ-ဗီယက်နမ်စီးပွားရေးဖိုရမ်သို့တက်ရောက်ကာ ဒီဂျစ်တယ်နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာဖို့ရှိတယ်လို့ပါတယ်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားရှိရင်းစွဲ ဆက်ဆံရေးပိုမိုခိုင်မာရေး၊ အစိုးရနဲ့လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်ရေးအပြင် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
အဲဲဒီခရီးစဉ်သို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဇနီးတို့နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေနဲ့တာဝန်ရှိသူတွေသွားကြမှာဖြစ်ပါတယ်။






