Border News Agency
မြေပုံ၊ စက်တင်ဘာ ၁။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ရပ်ရွာလူမှုစီးပွားဘဝအပေါ်သက်ရောက်မှု
ကွင်းအမှတ်(၁၈-ခ)ထဲက ပုဇွန်တာကိစ္စဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ရပ်ရွာလူမှုစီးပွားဘဝအပေါ်မှာ ထိခိုက်မှုသိပ်မရှိပါဘူး။
ဘာကြောင့်ဆို ရပ်ရွာဒေသခံတွေကိုယ်တိုင် ဆန်စပါးစိုက်ပျိုးရေးလုပ်ကွက်နဲ့ ငါး၊ပုဇွန်မွေးမြူရေးလုပ်ကွက်တွေသတ်မှတ်ထားတာကြောင့်ပါ။
အဲဒီနေရာမှာ ရိုးရာအကဲဖြတ်ဂေဟဗေဒအသိပညာ (Traditional Ecological Knowledge – TEK)ဆိုတာရှိပါတယ်။
ဒေသခံတွေဟာ သူတို့ရဲ့ဝမ်းစာရှာဖွေမှု၊စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ကိုင်မှုအတွေ့အကြုံတွေအပေါ် အခြေခံပြီးဂေဟစနစ်မပျက်စီးအောင် နေရာခွဲဝေအသုံးချစီမံတဲ့ ရိုးရာအသိပညာကို TEK လို့ခေါ်ပါတယ်။
အဲဒီလိုရပ်ရွာရဲ့ရှင်သန်နေထိုင်မှုအရကို ဒေသခံလူထုကိုယ်တိုင် သတ်မှတ်မှုသ ဘော(Endogenous Spatial Zoning )ရောက်နေတဲ့နေရာတွေဟာ EIA/SIA ဆိုင်ရာဆိုးကျိုးသက်ရောက်မှုတွေ မရှိသလောက်နည်းတတ်ပါတယ်။
စုပေါင်းစပ်ပေါင်းကလာတဲ့ ပြဿနာအပေါ် ချဉ်းကပ်မှု
အဲဒီစုပေါင်းစပ်ပေါင်းသမဝါယစနစ်လို ဆောင်ရွက်ခဲ့ကြတာဖြစ်ပေမယ့် အဓိကငွေကြေးရင်းနှီးစိုက်ထုတ်မှုမတတ်နိုင်တဲ့လုပ်ကွက်ငယ်ရှယ်ယာရှင်တွေဟာ အစုစပ်ထဲရေရှည်အကျိုးအမြတ်မကာမိတတ်ကြပါဘူး။
အဲဒါကလည်း ထုံးစံလိုဖြစ်နေပါပြီ။ ငွေကြေးရင်းနှီးနည်းတဲ့စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ကွက်ငယ်၊ရှယ်ယာငယ်သမားတွေအတွက် မြန်မာနိုင်ငံရဲ့သမဝါယမစနစ်ဟာ အားကိုးမရဖြစ်နေတာကြာခဲ့ပါပြီ။
ဖြစ်တတ်တဲ့ပုံစံက ငွေကြေးရင်းနှီးစိုက်ထုတ်မှုမတတ်နိုင်တဲ့လုပ်ကွက်ငယ် ရှယ်ယာရှင်တွေဟာ အစုစပ်ထဲ ရေရှည်မှာအကျိုးအမြတ်ကမကာမိဖြစ်လာရင် သူရဲ့လုပ်ကွက်ရှယ်ယာကို ခုနှိမ်လွှဲ ပြောင်းရောင်းချရတဲ့သဘောမျိုးဖြစ်လာတတ်ပါတယ်။
အဲဒါဟာ အိမ်နီးချင်းဗီယက်နမ်နဲ့ယှဉ်ကြည့်ရင်တောင် ကျေးလက်သမဝါယမစနစ်မှာ မြန်မာဟာ နောက်ကျနေခဲ့တာတွေ၊မူဝါဒပိုင်းဆိုင်ရာအားနည်းချက်တွေ၊လျစ်လျူရှုမှုတွေနဲ့စနစ်ပိုင်းဆိုင်ရာတွေဘက်က ကြည့်မြင်ရတဲ့အမြင်ပါ။
ပုဇွန်တာပြဿနာကိစ္စဘက်ကို ကြည့်ရင် ULA/AA ဘက်က ဒါကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ ပြီးကိုင်တွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြဿနာရဲ့ဇစ်မြစ်က”လုပ်ကွက်ငယ်ရှယ်ယာရှင်တွေဟာ လွန်ခဲ့တဲ့ဆယ့်လေး နှစ်ကျော်ဆယ့်ငါးနှစ်ခန့်အကြာကအစုစပ်ထဲမှာ သူတို့ရဲ့ရှယ်ယာတွေကို အဲလိုရောင်းချခဲ့ဘူး။” ဆိုတဲ့ အချက်ကို ဟုတ်၊မဟုတ်ဆိုတာကို စစ်ဆေးရမှာပါ။
အဲဒီလိုစစ်ဆေးတဲ့အခါမှာ ULA/AA ရဲ့ ကော်မရှင်က ဒေသရဲ့လူမှုနိုင်ငံရေးဖြစ်တည်မှုကို ဘယ်လောက်ထိထည့်သွင်းစဉ်းစားခဲ့သလဲဆိုတာကလည်းရှိပါတယ်။
ဥပမာ – လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှ၂၀၂၀ ပြည့်နှစ်ထိ လွှတ်တော်ကာလတွေမှာ ရခိုင်ပါတီကအမတ်တွေ၊တခြားယန္တရားတွေကို ထိခိုက်နစ်နာပါတယ်ဆိုတဲ့ သူတွေဖက်ကတိုင်တန်းခဲ့တာမျိုးရှိ၊မရှိ ဆိုတဲ့လွှမ်းခြုံအချက်တွေကို စဉ်းစားတာမျိုးပါ။ တိုင်တန်းခဲ့တာမျိုးရှိခဲ့ရင် အဲဒီအချိန်တုန်းက ရခိုင်ပါတီကအမတ်တွေ ဒီကိစ္စကိုသိနိုင်ပါတယ်။
ULA/AA ရဲ့ စုံစမ်းရေးကော်မရှင်ဟာ ဒီလိုအချက်တွေကိုလည်း လွှမ်းခြုံမှုရှိသင့်ပါတယ်။
အဲဒီတုန်းက ဒီကိစ္စအပေါ် ဘယ်လိုဆုံးဖြတ်ချက်မျိုး၊ကိုင်တွယ်မှုမျိုးရှိခဲ့တယ်ဆိုတာတွေကို တီးခေါက်ကြည့်သင့်ပါတယ်။
အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မိမိစုံစမ်းစစ်ဆေးရမယ့်နယ်ပယ်အပေါ်မှာ ကျယ်ပြန့်တဲ့ချဉ်းကပ်မှုတွေရှိသင့်ပါတယ်။
”မိမိတို့ရဲ့ရှယ်ယာအစုစပ်မြေတွေကို အရင်းအနှီးအရအကျိုးအမြတ်မကာမိလို့ မရောင်းခဲ့ပါဘူးဆိုတဲ့သူတွေထဲမှာ တချို့ဟာ လက်ရှိအခင်းဖြစ်မြေနဲ့ နယ်နိမိတ်ချင်းထိစပ်တည်ရှိနေကြဆဲပါ။”
၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေဟာ တနိုင်ငံလုံးက လယ်သမားတွေအတွက် ပုံစံ(၇)ထုတ်ပေးခဲ့တဲ့ စီမံချက်ကာလတွေပါ။
မိမိတို့ရဲ့ရှယ်ယာအစုစပ်မြေတွေကို မရောင်းခဲ့ပါဘူးဆိုတဲ့သူတွေဟာ အဲဒီအခင်းဖြစ်မြေနဲ့ထိစပ်တဲ့မြေတွေမှာ သူတို့ရဲ့ဦးပိုင်အမည်တွေပေါက်ထားပါတယ်။
အဲဒီခါတုန်းက တိုင်တန်းမယ်ဆိုရင် လွယ်လွယ်နဲ့ရပါတယ်။
အဲဒီတုန်းကကော တိုင်တန်းခဲ့တာမျိုးရှိ မရှိကိုလည်း ULA/AA ကော်မရှင်ဟာ လွှမ်းခြုံစဉ်းစားသင့်ပါတယ်။
လက်ရှိအချိန်ထိကျင့်သုံးနေဆဲဖြစ်တဲ့ ၁၈၇၂ ခုနှစ်မှာ ဗြိတိသျှတွေပြဋ္ဌာန်းခဲ့တဲ့သက်သေခံဥပဒေပုဒ်မ ၆၆ ရဲ့ အပိုဒ်(ဂ)မှာပါတဲ့ သက်သေခံအချက်တွေကိုလည်း ULA/AA ကော်မရှင်ဂရုပြုသင့်ပါတယ်။
အဲဒီသက်သေခံစာရွက်စာတမ်းတခုရဲ့ မူရင်းပျက်စီးသွားရင် ဒါမှမဟုတ် ပျောက်ဆုံးသွားရင် အဲဒီလိုပျက်စီးသွားရတာ၊ပျောက်ဆုံးသွားရတာဟာ သက်သေပြလိုသူရဲ့ပေါ့ဆမှုကြောင့် မဟုတ်ဘဲ တခြားပယောဂတခုခုကြောင့်ဖြစ်နေရင် မူရင်းအစား ကိုယ်မှတ်မိသလိုရေးပြပြောပြတဲ့အချက်ဟာလည်း သက်သေခံဝင်တယ်ဆိုတဲ့ ဥပဒေကြောင်းအရ ပြဋ္ဌာန်းချက်တရားဝင်မှုကိုလည်း ULA/AA ကော်မရှင်သတိပြုသင့်ပါတယ်။
ကော်မရှင်ရဲ့တာဝန်ယူမှု၊တာဝန်ခံမှုအပိုင်းပါ။ ကော်မရှင်ဟာ မိမိရဲ့ဆုံးဖြတ်ချက်ကို သက်ဆိုင်သူတွေနဲ့ လူထုကိုပွင့်လင်းမြင်သာစွာချပြဖို့လိုပါတယ်။
အဲဒီလိုအများနဲ့ဆိုင်တဲ့ကိစ္စတွေအပေါ် အာဏာပိုင်တရပ်ဟာ ဆုံးဖြတ်ချက်ချရင် အဲဒီဆုံးဖြတ်ချက်ကို လူထုဟာ ပွင့်ပွင့်လင်းလင်းသိမှလိုက်နာနိုင်မှာပါ။
တရားစီရင်ရေးသဘော သက်ရောက်တဲ့စီမံခန့်ခွဲမှုတွေရဲ့ဆုံးဖြတ်ချက်တွေမှာ လူထုနစ်နာတယ်လို့ထင်ရင် ဒါကိုပြန်ပြီးခုခံချေပအရေးဆိုဖို့ အယူခံဝင်ရောက်ခွင့်လမ်းကြောင်းကိုပါ ဥပဒေကြောင်အရဖွင့်ပေးရပါတယ်။
အဲဒီလိုဖွင့်ပေးမှုမျိုးကို ကော်မရှင်ဟာ နောက်တွန့်မနေသင့်ပါဘူး။
အုပ်ချုပ်သူဟာ လူထုအတွက် တရားမျှတမှုကိုဆောင်ကျဉ်းနိုင်ဖို့လိုပါတယ်။
ရခိုင်ဒေသဟာ အုပ်ချုပ်သူအဆက်ဆက်ကပေးခဲ့တဲ့ မြေယာနဲ့ပတ်သက်တဲ့ ဒဏ်ရာတွေ အများကြီးပါ။
ULA/AAဟာ ဒဏ်ရာတွေကို ကုစားရမယ့်သူသာဖြစ်ပြီး ဒဏ်ရာထပ်ပေးတဲ့သူမဖြစ်ဖို့လိုပါတယ်။
အမှန်တရားကိုချပြရမယ့်သူကိုယ်တိုင်က လုပ်ပိုင်ခွင့်အာဏာကို ကိုင်ထားချိန်မှာ”မင်းတို့အချင်းချင်းပြဿနာဖြစ်နေလို့ ဒီမြေကိုငါယူတယ်။”ဆိုတဲ့လုပ်ရပ်ဟာ အင်မတန်မှရုပ်ပျက်ပြီးတရားမျှတမှုကို ငါတို့ကိုယ်တိုင်ဂရုမစိုက်ဘူးဆိုတာကိုပြနေသလိုမျိုးဖြစ်နေပါတယ်။










