Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၆။
မြောက်ဦးမြို့နယ်နဲ့ပလက်ဝမြို့နယ်မှ ပြည်ပသို့အလုပ်လုပ်ဖို့အကျိုးဆောင်လိုင်စင်မရှိဘဲ တရားမဝင်လူပို့ပေးနေတဲ့ အမျိုးသမီးနှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက ဩဂုတ်လ ၃၀ ရက်နေ့မှာ အမှုဖွင့်အရေးယူထားပါတယ်။
အဲဒီပြစ်မှုကျူးလွန်သူတွေမှာ မြောက်ဦးမြို့နယ်အိုးထိမ်းကျေးရွာမှ အသက်သုံးဆယ်အရွယ်ယဉ်ယဉ်ဝင်းနဲ့ပလက်ဝမြို့နယ်၊ဟုန်းကျေးရွာမှ အသက်နှစ်ဆယ့်တနှစ်အရွယ်ခိုင်မြတ်မွန်တို့ ဖြစ်ကြပါတယ်။
သူတို့နှစ်ဦးဟာ မလေးရှားနဲ့ရန်ကုန်သို့ သွားရောက်လိုတဲ့အမျိုးသမီးလေးဦးဆီမှ ငွေကြေးတွေယူပြီးတရားမဝင်ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ သြဂုတ်လ ၁၀ ရက်နေ့က ချင်းပြည်၊ကျင်ဒွေးမြို့ရှိနေအိမ်တအိမ်မှာ ပို့ဆောင်ဖို့တည်းခိုနေချိန် အာရက္ခတပ်တော် (AA) ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
အဲဒီအပြင်ယဉ်ယဉ်ဝင်းကိုလည်း ဩဂုတ်လ ၁၄ ရက်နေ့က မြောက်ဦးမြို့နယ်ရှိ သူရဲ့ နေအိမ်မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် အာရက္ခတပ်တော်ရဲ့ထောက်လှမ်းရေးဌာနက မြောက်ဦးမြို့မဒီလပ်စခန်းသို့ လွှဲပြောင်းပေးခဲ့တာကြောင့်အကျိုးဆောင် လိုင်စင်မရှိဘဲတရားမဝင် လူပို့ပေးတဲ့အမျိုးသမီးနှစ်ဦးကို (ပ)၄၃/ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ နဲ့အမှုဖွင့်ကာတရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်။
ပြည်သူတွေအနေနဲ့ တရားမဝင် လိုင်စင်မဲ့လူပွဲစားတွေရဲ့စည်းရုံးမှုကို သတိပြုရှောင်ရှားကြဖို့နဲ့ ပြည်ပသို့အလုပ်လုပ်ဖို့သွားချင်ရင်တရားဝင်လိုင်စင်ရအေဂျင်စီတွေဟုတ်မဟုတ် သေချာစွာ စစ်ဆေးပြီးမှ သွားရောက်ကြဖို့ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။










