Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ရပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံးသွားပါတယ်။
အဲဒီကျောက်ဆိပ်ရပ်ရွာကို စက်တင်ဘာလ ၁၁ရက်၊ဒီနေ့မနက် ၂ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်မှ FPV အသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဝီရဌာနီမြို့နယ်၊သဝင်ချောင်းရွာမှ ကျောက်ဆိပ်ရွာအတွင်းစစ်ဘေးရှောင်နေတဲ့အသက်ခြောက်ဆယ်သုံးနှစ်အရွယ် ဒေါ်လှသန်းရီသေဆုံးခဲ့ပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို ပုဏ္ဏားကျွန်းအခြေစိုက်ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုလေကြောင်း၊ရေကြောင်းမှရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ပက်သက်လို့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်အပေါ် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေရှိ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လေကြောင်း၊လက်နက်ကြီးတွေနဲ့ ရွယ်ရည်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်ကို သတိထားကြဖို အာရက္ခတပ်တော်က ထပ်ပြီးအသိပေးထားပါတယ်။










