Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၃၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတဲ့အပေါ် အလွန်အမင်းစိုးရိမ်တုန်လှုပ်မိပြီး ဒီဆိုးရွားလှတဲ့တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ယူကေနိုင်ငံအင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Winterton က စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ယူကေအစိုးရဝန်ကြီး Baroness Winterton က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူအားလုံးကိုအကာအကွယ်ပေးဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့အတွက် ယူကေအစိုးရအနေနဲ့ ပြတ်ပြတ်သားသားပြောကြားထားပြီလို့ဆိုပါတယ်။
အဲဒီကျောက်တော်မြို့ရှိ အိန္ဒိယဈေးနဲ့ကစ္ဆပနဒီတံတားအနီးဝန်းကျင်ကို စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူငါးဆယ်ဦးသေဆုံးခဲ့ရပြီး ငါးဆယ့်ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စာသင်ကျောင်း၊ ဆေးရုံ၊ဈေးနဲ့အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး တာဝန်ရှိသူတွေကို ထိရောက်စွာလက်တုံပြန်သွားမယ်လို့ အာရက္ခတပ်တော်ကဆိုပါတယ်။
စစ်တပ်ကခုလိုမျိုးစစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို စနစ်တကျတိုက်ခိုက်နေတာဟာဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာအဆိုးဝါးဆုံးစစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကထောက်ပြကြပါတယ်။










